(ဂ)-ကျောက်ဖြူမြို့၊ ရပ်ကွက်များတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနေသည် ကိုသိရှိခြင်းရှိ/ မရှိ၊တိုးချဲ့မြေကွက်များချထားပေးရန်နှင့်တရားမ ဝင်နည်းလမ်းများဖြင့်မြေလွတ်များအသုံးပြုနေခြင်း များကို အရေးယူရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးဘရှိန်(ကျောက်ဖြူ) ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသော စံပြ၊ စေတီတောင်၊ ရခိုင် ပိုက်ဆိပ်(ဆားပြင်ကွင်း) ရပ်ကွက်တို့တွင် ပိတ်ဆို့ထားသည့် လမ်းများ၊ ပိတ်ဆို့‌နေသည့် ရေမြောင်းများ၊ ရေလမ်းကြောင်းများ တို့ကြောင့် မိုးရွာသည်နှင့် ရပ်ကွက်အတွင်း ရေများပြည့်လျှံလျက် ရှိသည်ကို သက်ဆိုင်ရာမှ သိရှိခြင်း ရှိ/မရှိ၊ ရပ်ကွက်အတွင်း မိုးရေများ စီးဆင်းပြီး လမ်းမရှိ၍ နောက်ဆက်တွဲအဖြစ် သွေးလွန်တုပ်ကွေး အစရှိသော ရောဂါဖြစ်ပွားနိုင်သည့် အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံနေရသည်ကို သက်ဆိုင်ရာများမှ သိရှိခြင်း ရှိ/မရှိ၊ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက် အသီးသီးတွင် နေထိုင်ကြသည့် အိမ်ပိုင်ယာပိုင် မရှိကြသည့် လက်လုပ်လက်စားများကို စာရင်းဇယားတိကျစွာ ကောက်ယူပြီး ရပ်ကွက်သစ်များ တိုးချဲ့ကာ အိမ်ယာမြေကွက်များ ချထားပေးရန် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ကျောက်ဖြူမြို့ရှိ ရပ်ကွက်အသီးသီးတွင် တရားမဝင်သည့် နည်းလမ်းများဖြင့် လူသွားလမ်းများ၊ မိလ္လာလမ်းများ၊ အခြားမြေလွတ်များ အသုံးပြုနေခြင်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ပြီး မည်သည့်အချိန်တွင် အရေးယူ ဆောင်ရွက်ပါမည်နည်း၊ အရေးယူ ဆောင်ရွက်ရာတွင် တစ်စုံတစ်ရာ ထိခိုက်၍ လူမှုရေးအရ ကူညီရမည့်သူများကို တာဝန်ရှိ ဌာနဆိုင်ရာတို့မှ မည်ကဲ့သို့ ကူညီစောင့်ရှောက် ပေးပါမည်နည်း ဆိုသည့် မေးခွန်းများ ဖြစ်ပါကြောင်းနှင့် ယခုအခါ ကျောက်ဖြူဒေသ၌ အထူးစီးပွား ရေးဇုန်တည်ထောင်ရန် အစီအစဉ်ရှိရာ ကုမ္ပဏီကြီးများ လွှမ်းမိုးမလာမီ ဒေသခံ အိမ်မဲ့၊ ယာမဲ့၊ မြေမဲ့ လက်လုပ်လက်စားအဖြစ် ရှိနေကြသူများကို သင့်တော်သည့်နေရာများတွင် အိမ်ရာမြေကွက်များ ခွဲဝေချမှတ်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ အိမ်ရာမြေကွက်သစ်များ၊ ရပ်ကွက်သစ်များ ချမှတ် ပေးမည်ဆိုပါက မြို့နှင့်တစ်ဆက်တစ်စပ်တည်း နေရာအများအပြားရှိပြီး အဝေးမှရောက်လာကြမည့် ကုမ္ပဏီကြီးများအရေးထက် ဒေသခံပြည်သူများအရေးက ပိုအရေးကြီးပါကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်သစ်များဖြစ်ကြသော စံပြရပ်ကွက်၊ စေတီတောင်ရပ်ကွက်၊ ရခိုင် ပိုက်ဆိပ်(ဆားပြင်ကွင်း)ရပ်ကွက်ရှိ လမ်းပိတ်ဆို့မှုများ၊ ရေမြောင်း ပိတ်ဆို့မှုများ ၎င်းရေလမ်းကြောင်း ပိတ်ဆို့မှုများကို ဖယ်ရှားရန် ယခုနှစ် မိုးမကျမီ စီမံချက်များချ ဆောင်ရွက်သင့်ပါကြောင်း၊ ကျောက်ဖြူမြို့သည် ခရိုင်မြို့ဖြစ်သောကြောင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့သော်တာဝန်ရှိသူများက ဆောင်ရွက်ခြင်းမပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။ မိမိ ကိုယ်တိုင်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်များကို အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးဖူးပါကြောင်း၊ ဖြင့်မေးမြန်းပါသည်။