(ခ)-မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော် ၏ငွေကြေးမူဝါဒနှင့် ငွေရေး ကြေးရေးတည်ငြိမ်ရေး ဆိုင်ရာသတင်း အချက်အလက်များကိုဥပဒေပါပြ ဋ္ဌာန်းချက်အတိုင်းထုတ်ပြန်ကြေညာခဲ့ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အခန်း (၅) ပုဒ်မ ၃၇ တွင် ဗဟိုဘဏ်သည် ယင်း၏ငွေကြေးမူဝါဒနှင့် ငွေကြေးစနစ်တည်ငြိမ်ရေး မူဝါဒများကို ချမှတ်ဆောင်ရွက်မှု၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင့် နိုင်ငံတော်၏ငွေ ရေးကြေးရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ ၁ နှစ်လျှင် အနည်းဆုံး ၂ ကြိမ် အစီရင်ခံတင်ပြရမည့် အဆိုပါ အစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ အခန်း (၅) ပုဒ်မ ၃၉ တွင် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုသတင်း အချက်အလက်များကို အများပြည်သူတို့ သိရှိစေရန် ဒါရိုက်တာဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရမည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့ခြင်းရှိ/မရှိနှင့် အစီရင်ခံတင်ပြခဲ့ခြင်းမရှိခဲ့လျှင် နောင်အနာဂတ်တွင် ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေနှင့်အညီ အစီရင်ခံတင်ပြနိုင်ရန်အတွက် မည်သို့ကြိုတင်ပြင်ဆင်ထားသည်ကို သိရှိလိုပါကြောင်း၊ အများပြည်သူများ နိုင်ငံတော်၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကို သိရှိနိုင်စေရန်အတွက် ဗဟိုဘဏ်အနေဖြင့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ထုတ်ပြန်ကြေညာနိုင်ခြင်းရှိ/မရှိနှင့် ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိပါက နောင်အနာဂတ်တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာရန် မည်သို့ပြင်ဆင်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။