(ဂ)-သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာ တာစီမံကိန်းများကြောင့် လယ်ယာမြေများ၊ဥယျာဉ် ခြံမြေများဆုံးရှုံးရမှုအတွက်မည်သို့လျော်ကြေးပေး မည်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဒေါ်ခင်ဌေးကြွယ်(မော်လမြိုင်) မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်စွမ်းအင် ၁၅ ရာခိုင်နှုန်း တိုးတက် သုံးစွဲနေရသဖြင့် ထိုလိုအပ်ချက်ကို ဖြည်‌့စည်းပေးနိုင်ရန်အတွက် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအတွက် ရေကာတာများတည် ဆောက်နေသည်ကို သိရှိရပါကြောင်း၊  ထိုရေအားလျှပ်စစ်စီမံကိန်းများမှ ရေအားလျှပ်စစ်ထုတ်ယူခြင်းများတွင် စီမံကိန်းရှိ ရေဝပ်ဧရိယာများတွင် ပါဝင်သော ကျေးရွာများရှိလာနိုင်သကဲ့သို့ စီမံကိန်းဧရိယာအတွင်း လယ်ယာမြေ၊ ဉယျာဉ်ခြံမြေများ သိမ်းယူခြင်းများလည်း ရှိလာနိုင်သည့်အပြင် စီမံကိန်းဧရိယာအတွင်း သစ်ပင်ခုတ်လှဲခြင်း၊ သဘာဝ သယံဇာတ ထုတ်ယူခြင်းများကိုလည်း ထိခိုက်လာနိုင်သည်ဟု ဒေသခံများက စိုးရိမ်ပူပန်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေများ၊ ဉယျာဉ်ခြံမြေများ ဆုံးရှုံးမှုရှိလာလျှင် လျော်ကြေးပေးခြင်း၊ မြေအစားပေးခြင်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရေကာတာဧရိယာအတွင်းရှိ သစ်များခုတ်ခြင်း၊ သဘာဝသယံ ဇာတများ တူးဖော်ထုတ်ယူခြင်းများနှင့် ပတ်သက်၍ လုပ်ဆောင်မည့်အစီအစဉ်ကို သိလိုပါကြောင်း မေးမြန်းပါသည်။