(က)-အစိုးရဌာနများတွင် လုပ်ငန်းများအားမည် သည့်ပေါ်လစီဖြင့်တင်ဒါစနစ်ဆောင်ရွက်နေသည် ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးကြည်သာ ( ဂွ မဲဆန္ဒနယ်မိမိတို့ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုနေသည့်အချိန်ဖြစ်ပါကြောင်း၊ အတိတ်ကာလက ဆိုရှယ်လစ်စနစ်နှင့် ချီတက်ခဲ့ပြီး နဝတ၊ နယက အစိုးရလက်ထက်တွင် နိုင်ငံခြားပိတ်ဆို့အရေးယူမှုများကို ကိုယ့်ခြေထောက်ကို ရပ်တည်နိုင်စေရန်ဆိုသည့်  ရည်ရွယ်ချက်ဖြင့် အစိုးရဌာနအသီးသီးက ဆောက်လုပ်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် တောင့်တင်းခိုင်မာအောင် ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကကဏ္ဍကို ပြန်လည်အားဖြည့်ရမည်ဖြစ်သည့်အတွက် ကုမ္ပဏီပေါင်း ၄၉၀၀၀ ကျော်ကို ခေါ်လာခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၃ ခုနှစ်ခန့်မှ စ၍ နိုင်ငံပိုင်သတင်းစာများတွင် အစိုးရဌာနများက လုပ်ငန်းများကို တင်ဒါခေါ်ယူသည့် ကြော်ငြာများသည် နေရာတော်တော်များများ ယူထားကြသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရ၏ လုပ်ငန်း တော်တော်များများကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကများကို ပြန်ပြီးပေးနေရသည်ကို သိရှိရပါကြောင်း၊ သို့သော် လက်တွေ့အခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံ၊ နည်းပညာရင့်ကျက်မှုအပိုင်း၊ စက်ယန္တရားအင်အား တောင့်တင်းမှုအပိုင်းတွင် အစိုးရဌာနများက များစွာသာလွန်သည်ကို တွေ့ရှိရပါကြောင်း၊ တချို့အစိုးရဌာနများတွင် အင်ဂျင်နီယာအင်အား တောင့်တောင့်တင်းတင်း ရှိပါလျက်နှင့် ကိုယ်လုပ်နိုင်သည့် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကများကို ပြန်ပြီးပေးနေသည်ကို တွေ့ရှိရပါကြောင်း။

အချုပ်အားဖြင့် ဌာနများက ယန္တရားများ၏ တစ်နှစ် အလုပ်ချိန်သည် နာရီ ၅၀၀ ခန့်ရှိရမည်ဖြစ်ပြီး ကိုယ့်ဌာနက ယန္တရားများကို အပြည့်အဝအသုံးမပြုဘဲ တင်ဒါခေါ်သည့်ပုံစံမျိုးလည်း ရှိနေပါကြောင်း၊ ယင်းကိစ္စသည် နိုင်ငံတော်အနေဖြင့် ပြန်လည်ဆန်းစစ်ပြီး တင်ဒါခေါ်ယူခြင်းကြောင့် လုပ်ငန်းများ အရည်အသွေးကောင်းမွန်မှုရှိ/မရှိ၊ သို့မဟုတ် အကုန်အကျ သက်သာမှုရှိ/မရှိ  ပြန်လည်ဆန်းစစ်ရန် လိုသည့်အတွက် အစိုးရဌာနကလုပ်ငန်းများကို မည်သည့်ပေါ်လစီဖြင့် တင်ဒါစနစ် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။