(ဂ)-မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်၊ နတ်မှော် ဆိပ်ကမ်းနှင့် မော်လမြိုင် ကလွီဆိပ်ကမ်းသို့ ပြေး ဆွဲနေသော ရေကြောင်း ပို့ဆောင်ရေး ဇက်ရေ ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်း ထားခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
မော်လမြိုင်-ချောင်းဆုံ-ဘီလူးကျွန်းတံတား ဆောက်လုပ်နေခြင်းသည် ၂၀၁၆-၁၇ ခုနှစ်မှ ပြီးမည်ဟုသိရပါကြောင်း၊ မော်လမြိုင်-ချောင်းဆုံမြို့၊ နတ်မှော်ဆိပ်ကမ်းသို့ ဇက်ရေယာဉ်များဖြင့် တစ်နေ့လေးခေါက် ကလွီဆိပ်ကမ်းသို့ တစ်နေ့လျှင် နှစ်ခေါက် ယခင်က ပြေးဆွဲလျက်ရှိပါကြောင်း၊ သို့သော်လည်း မေလဆန်းမှစ၍ ဇက်ရေယာဉ် ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ပါသည်။ ဇက်ရေယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းပြီးနောက် ၂၈-၅-၂၀၁၅ ရက်နေ့တွင် ယခုမေးခွန်းကို မေးခဲ့ပါကြောင်း၊ ယခုအခါ ၁-၆-၂၀၁၅ ရက်နေ့မှ စတင်၍ ရေဘဝဲ-၁ ဇက်ရေယာဉ်ကို မော်လမြိုင်မှ အသွားနှစ်ခေါက်နှင့် နတ်မှော်မှ အပြန်နှစ်ခေါက် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းလည်း သိရပါသည်။ သို့သော် ပြေးဆွဲသည့် အခေါက်ရေ နည်းပါးမှုကြောင့် ခရီးသည်များနှင့် ကုန်စည်များ အထူးများပြားကြပ်တည်းမှု ရှိနေပါကြောင်း၊ မော်လမြိုင်မှ ကလွီဆိပ်သို့ ဇက်ရေယာဉ်ပြေးဆွဲမှုမရှိသေးပါ။ ဇက်ရေယာဉ် ရပ်နားစဉ်ကာလ အတွင်းလည်းကောင်း၊ ဇက်ရေယာဉ်ပြေးဆွဲသည့် ကြားကာလတွင် စက်တပ်ရေယာဉ်များဖြင့်သာ သွားလာနေရပါကြောင်း၊ စက်တပ်ရေယာဉ်ငယ်များသည် ဆိပ်ခံတံတားများ၌သာ အဆင်းအတက် ပြုလုပ်လေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မော်လမြိုင်မှ နတ်မှော်နှင့် ကလွီဆိပ်ကမ်းသို့ ရေယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ရသည့် အကြောင်း၊ မည်သည့်ကာလမှ ပုံမှန်အခေါက်အရေအတိုင်း ပြေးဆွဲမည်နည်း၊ မော်လမြိုင်မှ ကလွီသို့မည်သည့် အချိန်တွင် ပြေးဆွဲမည်နည်းနှင့် ပြေးဆွဲမည့်ခရီးစဉ်ကို အများပြည်သူများ ထင်သာမြင်သာသိရှိရန် မည်သို့ဆောင်ရွက်ပေးမည်နည်းစသည့် အဆိုပါအချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။