(က)-ပင်လယ်ဒီရေအတက်အကျနှင့်ပင်လယ်လှိုင်း စွမ်းအင်ကိုအသုံးပြု၍မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်သင့်တော်သည့်နေ ရာ၊ ဒေသရှိပါသလား၊ရှိပါကမည်သည့်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးရဲထွန်း (သံတွဲ)မိမိတို့ မြန်မာနိုင်ငံတွင် နှစ်စဉ် တိုးတက်လိုအပ်လာသော လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင်ဖြည့်ဆည်းပေးရန် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် နည်းလမ်းများဖြင့် ထုတ်လုပ်ပြီး ဖြည့်ဆည်းပေးနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ရေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ၊ သဘာဝသယံဇာတ စွမ်းအင်အသုံးပြုသည့် လျှပ်စစ် ထုတ်လုပ်မှုများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို တွေ့ရှိ ရပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် နည်းလမ်းများလည်း ပါဝင်နေပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တစ်ခုဖြစ်သော သဘာဝ၏ ပင်လယ်ဒီရေအတက်အကျနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပင်လယ်လှိုင်း၏ စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဖြင့်လည်း လျှပ်စစ်ဓာတ်အား ရရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်ကန်းရိုးတမ်းအရှည်သည် မိုင်ပေါင်း ၁၅၀၀ ကျော်ရှိပြီး သဘာဝပင်လယ်ဒီရေ အတက်အကျသည်လည်း တစ်နေ့လျှင် နှစ်ကြိမ်ရှိသည့်အပြင် နေ့စဉ် ၂၄ နာရီနှင့် တစ်နှစ်ပတ်လုံး ရေလှိုင်းများလည်း ရိုက်ခတ်လျက် ရှိပါကြောင်း၊  ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှု သက်သာသည့်အပြင် ပြန်လည်ပြည့်ဖြိုးမည့် စွမ်းအင် များဖြစ်သော ပင်လယ်ဒီရေအတက်အကျကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ပင်လယ် လှိုင်း စွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နည်းစနစ်များကို အများပြည်သူသိရှိနားလည်စေရန် ရှင်းလင်းတင်ပြပေးနိုင်ခြင်းရှိ/မရှိ၊ အဆိုပါ စွမ်းအင်များကိုအသုံးပြုပြီး မိမိတို့ မြန်မာကမ်းရိုးတန်းတစ်လျှောက်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်လျော်သည့်နေရာဒေသများရှိ/မရှိနှင့် ရှိပါကမည်သည်‌့ကာလတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မယ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။