သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာလိုင်း တစ်လျှောက်ရှိကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများဘေး အန္တရာယ် ကင်းဝေးစေရေး လုံခြုံမှုအကာအကွယ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့တွင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များကို ကျောက်ဖြူမြို့မှ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်သို့ ပိုက်လိုင်းသွယ်တန်း တပ်ဆင်ခဲ့ပါကြောင်း၊ သဘာဝဓာတ်ငေ့ွ ပိုက်များ သွယ်တန်းဖောက်လုပ်ရာတွင် ပိုက်လိုင်းထည့်သွင်းမည့် မြေအနက်သည့် ၁၅ ပေနှင့် အသုံးပြုသောပိုက်၏ အထူသည်လည်း အနည်းဆုံး ၃ လက်မရှိရမည်ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ သို့သော် ပြည်သူများ၏ ပြောကြားချက်အရ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် မြေအနက် ၆ ပေခန့်နှင့် ပိုက်၏အထူသည့်လည်း ခန့်မှန်းခြေ ၁.၅ လက်မအထူသာ ရှိကြောင်း၊ ၂၀၁၃ ခုနှစ် မေလတွင် ပြုလုပ်သော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ခိုင်ခံ့မှုနှင့် ခံနိုင်ရည်အားကို ရေဖိအားထည့်သွင်းပြီး စမ်းသပ်သည့်အခါ ပိုက်များကျိုးပဲ့ထွက်ပြီး ထွက်ရှိလာသောရေလုံး၏ အရှိန်ကြောင့် အတန်အသင့်ရှိ သစ်ပင်ငယ်များ ကျိုးပဲ့လွင့်စင်ခြင်း၊ ကြက်ရေစမ်းနှင့် အမ်းကြား (၅) နေရာတွင် ပိုက်များ ကွဲထွက်ခြင်း၊ ကြက်ရေစမ်းနှင့် ပဒါန်းလမ်းကြား (၄)နေရာတွင် ကွဲအက်မှုအခြေအနေများ လွန်စွာဆိုးဝါးခြင်းများကို ကြုံတွေ့ရပါကြောင်း၊ ပိုက်လိုင်းများ သွယ်တန်းဖောက်လုပ်ရာတွင် နိုင်ငံ တကာစံနှုန်း သတ်မှတ်ချက် များနှင့်မကိုက်ညီခြင်းကြောင့် အတွက် ပိုက်လိုင်းတစ်လျှောက်နေ ထိုင်ကြသော ကျေးရွာပြည်သူ များ အတွက် ဘေးအန္တရာယ် ကျရောက်မယ့်အခြေအနေကို ပြည်သူများက စိုးရိမ်ထိန့်လန့်နေကြကြောင်း၊ ထို့ကြောင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ် သန်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာ၊ ခြံမြေ၊ လယ်မြေ၊ သစ်တော များနှင့် ပြည်သူများဘေး အန္တရာယ် လုံခြုံကင်းဝေးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံ တကာစံနှုန်းများနှင့် စစ်ဆေးပြီး လုံခြုံမှုအကာအကွယ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည် ကဲ့ သို့ကြိုတင်ကာကွယ်ထားသည့်နှင့် မည်သို့ပြုလုပ်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။