(က)-ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်နှင့် ဆက်စပ်တည်ရှိသော ကျောက်တော်မြို့ပင်မကမ်း နားလမ်းကို၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင်တိုးချဲ့ပြုပြင် ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ကျောက်တော်မြို့သည် ရပ်ကွက်ပေါင်း ငါးရပ်ကွက်ရှိပြီး အိမ်ခြေပေါင်း ၃၂၇၅၊ မြို့ပေါ်လူဦးရေ ၂၅၀၀၀ ကျော်၊ အိမ်ထောင်စုဦးရေ ၃၄၁၃၊ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာအုပ်စု ၈၄ အုပ်စု၊ ကျေးရွာပေါင်း ၂၈၃ ရွာ၊ မြို့နယ်အပါအဝင် လူဦးရေ ၂၂၁၆၀၁ ရှိသော မြို့ငယ်တစ်ခုဖြစ်ပါကြောင်း၊ မြစ်ကမ်းပါးတစ်လျှောက် တည်ရှိသော မြို့အနေအထားအရ မြို့လမ်းမကြီးတွင်မူလက ကမ်းနားလမ်းတစ်ခုသာ ရှိခဲ့ပါကြောင်း၊ ၎င်းလမ်းမသည် လမ်းအကျယ် ၈ ပေ၊ ၉ ပေခန့်၊ မြို့အရှည်အလိုက် ၂ ဖာလုံကျော်ခန့်ရှိပြီး လွန်ခဲ့သော ၁၅ နှစ်မှစ၍ ကတ္တရာခင်းထားသော်လည်း ယခုအခါကတ္တရာများပျက်စီးပြီး မြေသားလမ်းသာသာဖြစ်နေပါကြောင်း၊ ကျောက်တော်မြို့နယ်သည် ယခုအခါ စီးပွားရေးလုပ်ငန်းများ တိုးတက်လာ ခြင်း၊ ကုန်းလမ်းဖြင့် ဆက်သွယ်ရေးကောင်းမွန် တိုးတက်လာခြင်းတို့ကြောင့် ယခင်က ပင်မလမ်းကိုပင် ခရီးသွားလာ မှုများပြားစွာဖြင့် အသုံးပြုနေကြပါကြောင်း၊ ၎င်းလမ်းသည် အလွန်ကျဉ်းမြောင်းပြီး ဆိုက်ကား၊ မော်တော်ကား တစ်စီးနှင့်တစ်စီး ရှောင်တိမ်းရန် ခက်ခဲသောကြောင့် မကြာခဏ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပါကြောင်း၊ လမ်း၏ အနေအထားသည် အသုံးပြုမှုများလာသော်လည်း ပြုပြင်မှုလုံးဝမရှိသလောက်ဖြစ်နေပါကြောင်း၊
ထို့ကြောင့် တိုးတက်လာသောလူဦးရေနှင့် သွားလာမှုများပြားနေခြင်း၊ လမ်းလျှောက်၍ပင် သွားလာမှု မရနိုင်သောအခြေအနေများကြောင့် မူလပင်မကမ်းနားလမ်းကို မဖြစ်မနေတိုးချဲ့ပြုပြင်ရန် လိုအပ်နေပါကြောင်း၊ လမ်းအရှည်သည် ၂ ဖာလုံခွဲခန့်သာရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တော်မြို့ ပင်မကမ်းနားလမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ပြုပြင်ရန် အစီအစဉ်ရှိ/မရှိ နှင့် မရှိပါက မည်သည့်ခုနှစ်တွင် လုပ်ဆောင်ပေးမည်ကိုသိရှိ လိုကြောင်း မေးမြန်းပါသည်။