(ဂ)-မုန်လန်ချောင်းဆုံမှ မြစ်ဖျားပိုင်းထုံဒမ်းရွာအထိ တင်ဒါကိုဖျက်သိမ်း၍အခွန်လွတ်ဘုံငါးဖမ်းဧရိယာ အဖြစ်သတ်မှတ်ပေးရန်နှင့်ပူတာအိုဒေသမြစ်ချောင်း အင်းအိုင်များ၌ရှားပါးငါးမျိုးမသုဉ်းရန်မည်သို့အစီအ စဉ်ရှိသည်ကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-20

ဦးအင်ဖုန်ဆန်း(မချမ်းဘော)မလိခမြစ်သည် ကချင်ပြည်နယ်၊ ပူတာအိုလွင်ပြင်၌ တည်ရှိပြီး မြောက်ဘက်စွန်း မှတောင်ဘက်စွန်းသို့ စီးဆင်းပါကြောင်း၊ မလိမမြစ်၏ အရှေ့ဘက်ကမ်းတွင် မချမ်းဘောမြို့နယ်နှင့် အနောက်ဘက်ကမ်းတွင် ပူတာအိုမြို့နယ်တို့ တည်ရှိပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အဆိုပါမြစ်ကိုပင် အမှီပြု၍ လုပ်ကိုင် စားသောက်နေကြပါကြောင်း၊ မြစ်ကမ်းတစ်ဖက်တစ်ချက်၌ နေထိုင်ကြသော ဒေသခံပြည်သူတို့သည် မလိခမြစ်မှ အသားငါးများကို ရိုးရာငါးဖမ်းကိရိယာများဖြင့် ရှာဖွေစားသောက်ခြင်းဖြင့် နေ့စဉ် ဝမ်းရေး အဆင်ပြေခဲ့ကြပါကြောင်း၊

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပူတာအိုမြို့၌ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ရုံးဖွင့်လှစ်ပြီး မလိခမြစ်ရိုးတစ်လျှောက် အင်းအိုင်များကို လေလံတင်ရောင်းချခဲ့ရာတွင် ဒေသခံပြည်သူများ လွတ်လပ်စွာငါးဖမ်းရှာဖွေဖမ်းဆီးခွင့် မရရှိဘဲ စားသောက်ရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံ တွေ့နေရပါကြောင်း၊ အင်းအိုင်လိုင်စင်ရထားသူများလည်း အသားငါး များကို မှန်ကန်စွာ မရောင်းချနိုင်ပဲ မြစ်ချောင်းအင်းအိုင်များကို အပိုင်းလိုက်၊ အပိုင်းလိုက် အမြတ်တင်၍ ထပ်ဆင့်ရောင်းချခဲ့သဖြင့် အသားငါးဈေးနှုန်းကြီး မြင့်မှုဒဏ်ခံနေရပြီး စားဝတ်နေရေး ပိုမိုကျပ်တည်းလာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများအတွက် နေ့စဉ်စားသောက်မှု အဆင်ပြေစေရန် မလိခမြစ်ရိုးတစ်လျှောက် မုန်လန် ချောင်းဆုံမှ မြစ်ဖျားပိုင်း ထုံဒမ်းရွာအထိ အင်းအိုင်လိုင်စင်စနစ်ကို ရုပ်သိမ်းပြီး အခွန်လွတ်ငါးဖမ်းဧရိယာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှှိ နှင့် ပူတာအိုဒေသရှိ မြစ်ချောင်းအင်းအိုင်များ၌ မိုင်းခွဲခြင်း၊ လျှပ်စစ်ဓာတ်အားဖြင့် ရှော့တိုက်ခြင်း၊ အဆိပ်ခတ်ခြင်းတို့ဖြင့် ငါးဖမ်းဆီးခြင်းများ ပြုလုပ်ကြသောကြောင့် ရေခဲတောင်ငါး(ခေါ်) ရှားပါးသော ငါးမျိုးများ မသုဉ်းရေးအတွက် ကာကွယ်ရန် မည်သည့်အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။