(ခ)-ကျောက်မီးသွေးသုံးစက်ရုံများနိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်၍နိုင်ငံသားများအားအဖိုးနှုန်းချိုသာသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကလေးဝဒေသရှိ ကျောက်မီးသွေးစက်ရုံ တည်ဆောက်စဉ်က ကျောက်မီးသွေး စက်ရုံမှ ထွက်ရှိလာမည့် ဆိုးကျိုးများ သံသယများနှင့်ပတ်သက်၍ မိမိအနေဖြင့် မေးခွန်းတစ်ခု မေးခဲ့ဖူးပါကြောင်း၊ ဒုတိယအနေဖြင့် ကျောက်မီးသွေး ၏ ဖြစ်တည်မှုပမာဏကို မေးခဲ့ပြီး ယနေ့မှာ ယခင်မေးခွန်းများမှ အဖြေကို စုစည်းပြီး သံသယရှိခဲ့သည်များကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့သည့် အတွက် ထပ်ဆင့်မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းနှင့် ပတ်သက်ပြီး ဆက်စပ် ကျိုးကြောင်းတင်ပြရပါက ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ များတွင် သူတို့နိုင်ငံမှထုတ်ယူရရှိသော ရေနံ သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေးများ အသုံးပြုပြီး လျှပ်စစ် ဓါတ်အား သုံးစွဲမှု မလုံလောက်၍ အခြားတိုင်းပြည်များမှ ဝယ်ယူတင်သွင်းပြီး သယ်ယူစရိတ်၊ ကိုင်တွယ်စရိတ်များ ကြီးမြင့်စွာကုန်ကျခံပြီး ဓါတ်အားထုတ်လုပ်လျက် အသုံးပြုနေကြရပါသည်။ ထို့ကြောင့်လည်း ထိုနိုင်ငံများ၏ စီးပွားရေးများ၊ လူမှုရေးများနှင့် ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ခံစားနေကြရပါကြောင်း။
ပြည်ထောင်စု လွှတ်တော်နာယကကြီးနှင့် ထိုင်းတော်ဝင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်တွင် မိမိအနေဖြင့် လိုက်ပါခွင့်ရခဲ့ပြီး ခရီးစဉ်အရ လွှတ်တော်ဥက္ကဋ္ဌများ၊ ထိုင်းတော်ဝင်မိသားစုများ၊ ဝန်ကြီးချုပ်အစိုးရအဖွဲ့များ၊ ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအခြေစိုက် CPU အဖွဲ့ဝင် လုပ်ငန်း ဥက္ကဋ္ဌများ၊ Truce PTT BLCP Company ဥက္ကဋ္ဌများနှင့် ဆွေးနွေးပြီး နှစ်နိုင်ငံ အကျိုးအမြတ်ရှိမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ညှိနှိုင်း ပြုလုပ်ခဲ့ကြရာ CPU Group ကုမ္ပဏီများ၏ စက်ရုံများလည်ပတ် နေမှုစနစ်ကို မိမိတို့ကော်မတီမှ လေ့လာခွင့်ရခဲ့ပါကြောင်း၊ လေ့လာချက် အရ ကျောက်မီးသွေးသုံးစက်ရုံနှင့် ပတ်သက်ပြီး မိမိတို့တွေးထင်နေသည့် အားနည်းချက်များ နည်းပါးသည်ကိုလည်း တွေ့ရှိရပါကြောင်း။
ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီးရရှိရန် ကျောက်မီးသွေးလုံလောက်မှု မရှိသည့်အတွက် မလေးရှားနှင့် သြစတေးလျနိုင်ငံတို့မှ ကုန်ကျစရိတ်များစွာဖြင့် ဝယ်ယူသုံးစွဲရပါကြောင်း၊ ထိုစက်ရုံကြီးကို ၂၀၀၆ခုနှစ် ကတည်းက တည်ဆောက်ခဲ့ပြီး စက်ရုံဝင်းအတွင်းရှိ သစ်ပင်များမှာလည်း မိမိတို့ထင်မြင်မိသလို မဟုတ်ပဲ စိမ်းစိမ်းစိုစိုရှိနေပါကြောင်း၊ ထို့ပြင် စွန့်ပစ်ပစ္စည်းများဖြစ်သော ပြာများကိုလည်း ဘိလပ်မြေလုပ်ငန်းများ၊ ကလေးကစားစရာအရုပ်များ စသည့် လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါကြောင်း၊ အဆိုပါစက်ရုံမှာ မဂ္ဂါဝပ် ၅၀၀၀ ခန့် ထုတ်လုပ်ပြီး သူတို့အလုပ်ရုံ၊ စက်ရုံ၊ အသား၊ ငါး၊ ကြက်ဥများ ထုတ်သည့် နေရာများကို ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း စသည်တို့ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။
ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများနှင့် မိမိတို့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်ရာ လျှပ်စစ်ဓါတ်အားမှာ ယနေ့အထိ တိုင်းပြည်အတွက် အလိုအပ်ဆုံး ပစ္စည်းဖြစ်ပြီး လျှပ်စစ်ဓါတ်အားရှိမှ ခေတ်မှီဖွံ့ဖြိုးခြင်း၊ လူမှုပတ်ဝန်းကျင် တိုးတက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကို ပြုပြင်နိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အလိုအပ်ဆုံးဖြစ်သော လျှပ်စစ် ဓါတ်အားစက်ရုံများကို မည်သည့်နည်းနှင့်ပင်ဖြစ်စေ တည်ဆောက်သင့်ပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်သူများခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူမှုဘဝ၊ စီးပွားရေးဘဝ၊ အသိပညာ၊ အတက်ပညာ ဖွံ့ဖြိုးသောဘဝများသို့ ရောက်ရှိနိုင်ရန်သယံဇာတဖြစ်သော ကျောက်မီးသွေးကိုသုံး၍ စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းဌာနများ တည်ဆောက်လုပ်ကိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးခွန်းသုံးခု မေးမြန်းလိုပါကြောင်း။
မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အပြင် မည်သည့်မြို့နယ် မည်သည့်ဒေသတွင် ကျောက်မီးသွေး ထွက်ရှိမှု ရှိနေသော နေရာများနှင့် ကျောက်မီးသွေးသိုက်များ၏ ပမာဏကိုလည်း သိလိုပါကြောင်း။
မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေ၍ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများနှင့် လူနေသိပ်သည်းမှုကြောင့် နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာ ချောင်ချိရေး အတွက် အဟန့်အတားဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ကျောက်မီးသွေးထွက်ရှိရာဒေသနှင့် မြေလွတ်မြေရိုင်းများစွာ ရှိသော ကျေးလက်ဒေသများတွင် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ တည်ထောင်၍ မြို့ပြနှင့် ကျေးလက်အချိုးညီ တိုးတက်စေအောင် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအတွက် CPU Group မှ BLCP Company Power Company သည် လျှပ်စစ်ဓါတ်အားများထုတ်ယူရန် နိုင်ငံခြားတိုင်းပြည်များဖြစ်သော သြစတေးလျနှင့် မလေးရှားတို့မှ ကျေက်မီးသွေးဝယ်ယူ၍ သယ်ယူစရိတ်များစွာဖြင့် လျှပ်စစ်ဓါတ်အားထုတ်ယူ သုံးစွဲလျက်ရှိပါသည်။ထိုလုပ်ငန်းများကို ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက် ထုတ်လုပ်ရခြင်း ဖြစ်ပါ၍ ၎င်းထိုင်းနိုင်ငံရှိ BLCP Company Power Company သုံးကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည်များ အားလုံးတို့အတွက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ထွက်ရှိရာ ဘေးထွက်ဆိုးကျိုး ကင်းမဲ့သော၊ နည်းပါးသော စက်ရုံမှ ထုတ်ပေးနေပါသည်။ ထိုသို့ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှု၊ ကင်းမဲ့မှု နည်းပါးခြင်းကြောင့်သာ ထိုင်းအစိုးရမှ ခွင့်ပြုခြင်း ဖြစ်ပါသည်။ ၎င်းစက်ရုံကို ၂၀၀၆ ခုနှစ်မှ တည်ဆောက်၍ ကျောက်မီးသွေးများကို ရေဖြင့်စင်ကြယ်အောင်ဆေးခြင်း၊ ဓါတုဆေးရည်ဖြင့် ဆေးကြောခြင်း များအသုံးပြု၍ ထွက်ရှိလာသော မီးခိုးများကိုလည်း ခေတ်မှီ ဓါတုပစ္စည်းများ သုံး၍ ပြာများလွင့်မှု၊ လေနှင့်အတူ ပါဝင်မသွားစေရန် မီးခိုးများကိုလည်း ခေါင်းတိုင်မှ အနည်းငယ်သာ ထွက်စေရန် အဆင့်ဆင့်သော ပစ္စည်းများနှင့် ဓါတုပစ္စည်းများကိုလည်း သုံး၍ တည်ဆောက်ပြီး ထွက်ရှိ သော ကျောက်မီးသွေးပြာများမှ ဘီးလပ်မြေ(သို့မဟုတ်)ပလာစတာဖြင့် လုပ်သော ချစ်စရာ အရုပ်ကလေးများ ထုတ်လုပ်၍ စွန့်ပစ်ပစ္စည်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နေပါသည်။ သို့ပါ၍ အလားတူ ကျောက်မီးသွေးသုံးစက်ရုံများ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားစက်ရုံများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသတို့တွင် မြန်မာနိုင်ငံအစိုးရနှင့် အခြားအစိုးရများ ဦးစီးသောစက်ရုံများ၊ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများပေါင်း၍ တည်ဆောက်သော စက်ရုံများ၊ မြန်မာတိုင်းရင်းသား ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်း၍ တည်ဆောက်ခြင်း၊ မြန်မာတိုင်းရင်းသားပိုင်ကုမ္ပဏီများ တည်ဆောက်ခြင်း လုပ်ငန်းများကို ထိုင်းနိုင်ငံသုံး BLCP Company Power Company ကဲ့သို့ လျှပ်စစ်စွမ်းအားထုတ် ကျောက်မီးသွေးသုံးစက်ရုံများ၊ ၎င်းထက်သာသော စက်ရုံများကို နိုင်ငံအဝှမ်းတွင် တည်ဆောက်၍ ပြည်သူများအား အဖိုးနှုန်းချိုသာစွာဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။