(ဂ)-၂၀၁၁-၁၂ဘဏ္ဍာနှစ်မှ၂၀၁၅-၁၆ဘဏ္ဍာနှစ် အထိ ပဉ္စမကာလတို ၅နှစ် အမျိုးသားစီမံကိန်း အားပြည်ထောင်စုလွှတ်တော်သို့ရှင်းလင်း တင်ပြရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတိုင်းတွင် အမျိုးသားစီမံကိန်းများသည် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံတွင် လည်း ခေတ်အဆက်ဆက်မှ အမျိုးသားစီမံကိန်းများကို ဂရုစိုက်ရေးဆွဲခဲ့ပါကြောင်း၊ ၆- ၆ -၁၉၄၇ ရက်နေ့၌ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမျိုးသားကျွမ်းကျင်သူများက ဆိုလမ်တိုဘီယာစတီခေါ် ပြည်ထောင်စုမြန်မာနိုင် ငံတော်စီးပွားရေး ၂ နှစ်စီမံကိန်းကိုရေးဆွဲခဲ့ပါကြောင်း၊ ယင်းစီမံကိန်းတွင် လျှပ်စစ် ကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်သည် အသုံးစရိတ်အနည်း ဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် မူဝါဒ အနေနှင့် ဆုံးဖြတ်ခဲ့သည်ကို သိရပါကြောင်း၊ ၁၉၅၀ ပြည့်နှစ်တွင် ဖဆပလ အစိုးရဝန်ကြီးချုပ် ဦးနုက ပြည်တော်သာစီမံကိန်းကို ရေးဆွဲ ခဲ့ကြောင်း၊ ပြည်တော်သာ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်နှင့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို စစ်ကြိုခေတ်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် ရေးဆွဲခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းစီမံကိန်း ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခြင်း မရှိပါကြောင်း၊ အမှတ်(၂) ဘီးလူးချောင်း(လောပိတ) စက်ရုံမှ ပထမတာပိုင်သုံးလုံးကို ၁၉၅၂ ခုနှစ်မှစပြီး ၁၉၆၀ တွင် ပြီးစီးခဲ့ပါကြောင်း၊ ရဲရွာစီမံကိန်းနှင့် ပေါင်းလောင်းရေအား လျှပ်စစ် စီမံကိန်းများသည် ပြည်တော်သာစီမံကိန်းတွင် ရေးဆွဲခဲ့သော စီမံကိန်းများဖြစ်ပါကြောင်း၊ ထို့အတူ ကိုယ်စားလှယ်တော်ကြီး ဦးဉာဏ်ဆွေဝင်း တင်ပြသွားသော ကျောက်ကြီးမြို့နယ်ရှိ လောပိတ စီမံကိန်းသည် ရန်ကုန်မြို့နှင့် မိုင် ၁၀၀ ခန့်နီးသောကြောင့် ပြည်တော်သာစီမံကိန်းအရ ပထမဦးဆုံးဆောင်ရွက် မည့် ရေအားစီမံကိန်းဖြစ်သည့်အတွက် ကျောက်ကြီးမြို့တွင်သွား၍ တိုင်းတာရေးများပြုလုပ်စဉ် သောင်းကျန်မှု များကြောင့် စီမံကိန်းကြီး ပျက်စီးသွားခဲ့ပါကြောင်း၊ ဆက်လက်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် ပထမအကြိမ် ပါတီညီလာခံမှ ချမှတ်ခဲ့သော နှစ်တိုနှစ်ရှည်စီးပွားရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန် ၁၉၇၁-၁၉၇၂ မှ ၁၉၇၄-၁၉၇၅ အထိ ပထမ ၄ နှစ်စီမံကိန်းစတင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ်အရေးအခင်းတွင် စီမံကိန်းလွဲချော်ခဲ့ပြီး အစိုးရအပြောင်းအလဲအထိ ဖြစ်ခဲ့ရပါကြောင်း၊ တပ်မတော် အစိုးရလက်ထက်လည်း ၁၉၉၁-၁၉၉၂ မှ စတင်ပြီး ၅ နှစ်စီမံကိန်းများ လုပ်ကိုင်လာခဲ့ရာ ယခု ၂၀၁၃-၁၄ ခုနှစ်ပြီးဆုံးပါက ပဉ္စမ ၅ နှစ်စီမံကိန်း၏ တတိယနှစ်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရပါကြောင်း၊ နောင်လာမည့် ၃၅ နှစ်တွင် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများကို အောင်မြင်အောင် ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိပါက လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ခိုက်သွားကြသော တော်လှန်ရေး ရဲဘော်များအပေါ်တွင် တာဝန်ကျေပါသလားဆိုသည့် မေးခွန်းကို မိမိအနေဖြင့် ပြန်လည်မေးမြန်းရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်အထိ ပဉ္စမ ၅ နှစ် စီမံကိန်းကြီးကိုပင်လျှင် လွှတ်တော်၌ အတည်ပြုနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းအား ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ ရယူခြင်းနှင့် ၂၅ နှစ်ကြာကာလ မူလရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ သုံးသပ်မှုအား ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစီအစဉ်ရှိ/မရှိနှင့် ယနေ့ နိုင်ငံတော်မှ ၂၀၁၅ ခုနှစ် အလွန် ၁၅ နှစ်စီမံကိန်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များ မည်သည့် အခြေခံနှုန်းထားများအပေါ် မူတည်၍ ရေးဆွဲနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။