(င)-တရားဝင်မြေငှားဂရန်အမည်ပေါက်သူ ဒေါ်နန်း ခမ်းစိန်၏နစ်နာမှုကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုမေးမည့် မေးခွန်းကို ပြည်သူ့လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး တွင် မေးမြန်း ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဖြေကြားခဲ့သည့်အဖြေမှာ လုံလောက်မှုမရှိ သည့်အတွက် ထပ်မံမေးရခြင်းဖြစ်ပါကြောင်း၊ အထက် မြန်မာပြည်မြေနှင့် အခွန်ဥပဒေ၊ နည်းဥပဒေတို့နှင့် အညီ ၁၉၉၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ် ၃၀ မြေငှား တည်ရန် အမည်ပေါက်ရရှိထားသူ ဒေါ်နန်းခမ်းစိန် ဂရန်ရရှိချိန်မှ နစ်နာမှုအား လွှတ်တော်သို့ တင်ပြချိန် လက်ရှိကာလထိ အနှစ် ၂၀ ကျော် မြို့မြေ ငှားခွန်ဆောင်နေသူ ထို အမည်ပေါက်မြေပေါ်မှ တိုက်နှင့်နေအိမ်ကို ဖျက်သိမ်းရှင်းလင်း၍ မြေပေါ်မှ ထွက်ခွါပေး ရန် အမည်ပေါက်ဂရန်မရှိသော သာရေးနာရေးအသင်းအဆောက်အဦ များ ဆောက်လုပ်ရန် ချထားပေးတော့မည်ဖြစ်ကြောင်း ဖွင့်ဟကြေညာပေးရန် အဓိပ္ပါယ်ရသည့် အမိန့်ကို တရားရုံးများက ချမှတ်ခဲ့၍ နစ်နာမှုဖြစ်ပေါ်ရသော အကြောင်းကိစ္စဖြစ်ပါကြောင်း၊ မန္တလေးခရိုင်တရားရုံးမှ တရားမဇာရီမှု ၅၁/၂၀၁၁ ဖြင့် ၁၅-၇-၂၀၁၃ ရက်နေ့ တွင် မြေအပ်ဝရမ်းနစ်နာသူနှင့် အိမ်အဆောက်အဦများ ဖယ်ရှားပေးရန် ဖြစ်ပေါ်ခဲ့ရာ ပြီးခဲ့သော လွှတ်တော်တွင် တရားလွှတ်တော်ချုပ်မှ အပိုဒ် ၇ ပိုဒ်ပါ ဖြေဆိုချက်များတွင် အပိုဒ် ၃၂၄ ၌ နစ်နာသူသည် ဂရန်လက်ဝယ် ကိုင်ဆောင်သူ အမည်ပေါက်သူဖြစ်ကြောင်းကို ငြင်းဆိုနိုင်ခြင်း မရှိသဖြင့် နစ်နာသူသည် နိုင်ငံတော်မှ ဥပဒေနှင့် အညီ တရားဝင်မြေငှားဂရန် ရရှိသူဖြစ်ကြောင်းပေါ်လွင်ပါသည်။ တရားလွှတ်တော်ချုပ်၏ အဖြေအပိုဒ် ၄ တွင် အကြောင်းအရာ၌ ရှမ်းတိုင်းရင်းသားသာရေးနာရေးအသင်း အဆောက်အဦဆောက်လုပ်ရန်ဟု ဖော်ပြထားခြင်းမှာ ဂရန်ရသည့်လူက နေအိမ်ဆောက်လုပ်ရန်ဟူသော စာသားကို ဖျက်၍ ပြင်ဆင်ထားကြောင်းကိုလည်း ဝန်ခံချက်များရှိနေပါသည်။ အသင်းအဆောက်အဦဖြစ်စေ၊ လူနေအိမ်ဖြစ်စေ၊ သက်မဲ့အကြောင်းအရာများသာဖြစ် ပြီး ပြည်ထဲရေးဝန်ကြီးဌာန ကော်လိတ္တော်အရာရှိမှ မြေငှားဂရန်ထုတ်ပေးခြင်းကို ရယူသူမှာ သက်ရှိလျှောက်ထား သူ၊ နစ်နာသူဖြစ်၍ သတ်မှတ်အကြောင်းအရာများ၊ ရည်ရွယ်ချက်များကို ချထားပေးခဲ့ခြင်း မဟုတ် ပါကြောင်း၊ မြေဖိုးပေးသွင်းသူမှာ နစ်နာသူဖြစ်ပြီး အသင်းအမည်ဖြင့် မြေဖိုးပေးသွင်းထားမှု မရှိကြောင်း ဖြေဆိုချက် တွင် ပေါ်လွင်နေပါကြောင်း၊ ဖြေဆိုချက် ၅ တွင် အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးမှ သက်သေ ထွက်ဆိုခဲ့ရာတွင်လည်း လက်ရှိတာဝန်ရှိသူ ဂရန်ထုတ်ပေးသည့် ဌာနကိုယ်စား လာရောက်သက်သေ ထွက်ဆိုခြင်း မဟုတ်သည့်အပြင် တာဝန်ရှိသူများက သက်သေထွက်ဆိုနိုင်ရန် တရားရုံးမှ ဆင့်ခေါ်ခဲ့ခြင်း မရှိကြောင်း၊ ဖြေဆိုချက်မှာ “အသင်းသည် အချင်းဖြစ်မည်ကို ဝယ်ယူသည့်” ဟု ဆိုထားသည်မှာလည်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တရားဝင် ဦးပိုင် အမည်ခွဲဂရန် လျှောက်ထားနိုင်သော်လည်း တရားဝင်ဆောင်ရွက်ထားမှုမရှိကြောင်း၊ အသင်း လက်ဝယ် မြေပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပါကြောင်း၊ အသင်း ဟု ပြည်ထဲရေးဌာနမှလည်း တရားဝင် ခွင့်ပြုချက် မရှိထားပါကြောင်း၊ အချင်းဖြစ်မြေကို လျော်အပ်နိုင်ရန် တရား စွဲဆိုမှုတွင် အသင်းကို တရားရေးဌာနမှ အကြိမ်ကြိမ်အနိုင်ပေးခဲ့ပြီး နစ်နာသူအနေဖြင့် အဆိုပါမြေတွင် ဂရန်ပေါက်နေခြင်းကြောင့် ၎င်းကို ထိုအခင်းဖြစ်မြေပေါ်မှ ပယ်ထုတ်ခွင့်မရှိပါကြောင်း။
၁၉၉၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးချုပ် တရားစီရင်ထုံးများ ဂရန်ချထားခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းပိုင်ခွင့်ကို ဥပဒေ အရပြဋ္ဌာန်းထားရှိခြင်း၊ ဂရန်ချထားပေးခြင်း သည် ကော်လိတ္တော်အရာရှိ လုပ်ပိုင်ခွင့် ဖြစ်ခြင်း၊ တရားရှုံးများက ဥပဒေနှင့်အညီ ဂရန်ရရှိထားသဖြင့် ဂရန်ရရှိသူ တရားရှုံးက ယင်းတို့ကို အတည်ပြုရာ တွင် နှင်ထုတ်နိုင်မည်မဟုတ်သော်လည်း တရားရုံး၏ ဒီဂရီများ အဟောသိဒါန် မဖြစ်ခြင်း၊ တရားရုံး၏ ဒီဂရီနှင့် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ ဆုံးဖြတ်ချက်များ ဝိရောဓိ မဖြစ်စေရန် တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍ တို့ ညီညွတ်မျှတစွာ ပေါင်းစပ်ဆောင်ရွက်ရန်လိုခြင်းဟု ယင်းတရားမထူးစီရင်ထုံးအယူခံမှုတွင် ပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် အောက်ပါမေးခွန်းများကိုမေးမြန်းလိုပါကြောင်း-
(၁) တရားဝင်မြေငှားဂရမ် အမည်ပေါက်သူ ဒေါ်နန်းခမ်းစိန်အား အမည်ပေါက်မြေပေါ်မှ တိုက်နှင့် နေအိမ်ကို ဖျက်သိမ်းရှင်းလင်း၍ မြေပေါ်မှ ထွက်ခွါသွားပေးရန်အဓိပ္ပါယ် ရသည့်အမိန့်ကြောင့် နစ်နာမှုဖြစ်ရခြင်းကို သက်ဆိုင်ရာမှ သိပါသလား။ ထိုအမိန့်သည် တစ်ဖက်သက် ဘက်လိုက်ဆုံးဖြတ်ခြင်းဟုတ်/မဟုတ်သိလိုပါသည်။ (၂) အထက်မြန်မာပြည် မြေနှင့်အခွန်ဥပဒေပါ ဂရမ်ကိစ္စနှင့်စပ်လျဉ်း၍ နစ်နာမှုပေါ်ပေါက်ရသော ဤအမှုတွင် နိုင်ငံသားတို့၏ အခွင့်အရေးဆုံရှုံးရမှုသည် တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ ညီညွှတ်မျှတစွာ ပေါင်းစပ်ဆောင်ရွက်ရန်လိုခြင်းကို တရားစီရင်ရေးမှ မည်မျှထိ ညီညွတ် မျှတစွာ ပေါင်းစပ်ဆောင်ရွက်ခြင်း ရှိ/ မရှိ၊ ကော်လိတ္တော်အရာရှိ လုပ်ပိုင်ခွင့်အပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူမှ မည်မျှထိဆောင်ရွက်၍ နိုင်ငံသားတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးခဲ့မှု ရှိ/မရှိ၊ နစ်နာမှုဖြစ်ရသောကိစ္စရပ်တွင် ပြည်ထဲရေးဌာနမှ စုံစမ်းစစ်ဆေးမှုများ၊ အမှန်တရားများပေါ်ပေါက်ရန် စစ်ဆေးမှု များ၊ စစ်ဆေးပေါ်ပေါက်မှုများ ရှိ/မရှိ နှင့် စစ်ဆေးပေါ်ပေါက်ချက်များရှိပါက ရလဒ်များဖြစ်ပေါ်ခဲ့ခြင်း ရှိ/မရှိ တို့ကို သိလိုကြောင်း မေးမြန်းပါသည်။