(ခ)-တာဝန်မကျေ၊စာရိတ္တပျက်သည်ဟုအရေးယူ အပြစ်ပေးခံရသောဝန်ထမ်းများကိုဝေးလံခက် ခဲသောဒေသသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ဟူသော ပြစ်ဒဏ်ကိုပယ်ဖျက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများအား အရေးယူအပြစ်ပေးရာ၌ (၁) ဝေးလံဒေသသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း၊ (၂) ရာထူးတစ်ဆင့်လျှော့ခြင်း၊ (၃) လစာငွေ ပြတ်တောက်ခြင်း၊ (၄) နှစ်တိုးရပ်ဆိုင်းခြင်း စသဖြင့် ယနေ့အထိ ကျင့်သုံးနေသည်မှာ ဌာနလုပ်ထုံးလုပ်နည်းသဖွယ်ဖြစ်လာပါသည်။ အချို့ဝန်ထမ်းများအနေဖြင့်လည်း ပြည်မမှ စိတ်စေတနာကောင်းဖြင့် ဝေးလံသော နယ်စပ်ဒေသများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများလည်း ရှိပါကြောင်း၊ အပြစ်ပေးခံရ၍ ပြောင်းရွှေ့လာရသူ ဝန်ထမ်းများအနေဖြင့် စိတ်ဆင်းရဲပြီး ဘဝပျက်သည်အထိ သောက်စားတတ် လာခြင်း၊ ဒေသနေပြည်သူများ မုန်းလာ၍ “အထက်သို့ တိုင်ကြားပြီး ပြန်ပြောင်းရမယ်” ဟူသော စိတ်အတွေးများ ဝင်လာကြသည့်အတွက် ပြည်သူ့ အကျိုးအတွက်လည်း မဖြစ်ထွန်းနိုင်ပါကြောင်း၊ သို့ဖြစ်၍ ဝေးလံဒေသသို့ တာဝန်ကျေ ဝန်ထမ်းများကို ထိုက်သင့်သော ချီးမြှောက်ဂုဏ်ပြု သင့်ပါကြောင်း၊ အပြစ်ဖြင့်ပြောင်းရွှေ့ခြင်းဆိုသည့် လုပ်ထုံးလုပ်နည်းကိုမူ ပယ်ဖျက်သင့် ပါကြောင်း၊ တချို့ဝန်ထမ်းများအနေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သော်လည်း အထက်လူကြီး၏ ကိုယ်ရေးကိုယ်တာသဘော၊ ပုဂ္ဂိုလ်ရေးသဘော မတိုက်ဆိုင်သည့်အခါများ တွင် ပြောင်းရွှေ့ အပြစ် ပေးခြင်းများလည်း ရှိပါကြောင်း၊ သို့ဖြစ်ရာ ဝေးလံဒေသများ သို့ ပြောင်းလဲတာဝန်ထမ်းဆောင်ရသော ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းနှင့် သူ့မိသားစု လူမှုစီးပွားရေး ပို၍ဆင်းရဲလာခြင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း အကျိုးဖြစ်ထွန်းမှုမရှိခြင်း၊ နိုင်ငံတော်အစိုးရကိုလည်း ဒေသခံပြည်သူများ အနေဖြင့် အကြည်ညိုပျက်စေခြင်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အတားအဆီးဖြစ်စေခြင်း ထို့ပြင် ယင်းကဲ့သို့ အပြစ်ပေးလုပ်ထုံးလုပ်နည်းမှာ ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေမှုလည်း မရှိပါကြောင်း သိုဖြစ်ပါ၍ မိမိအနေဖြင့် ဝေးလံခက်ခဲဒေသသို့ တာဝန်ကျေဝန်ထမ်းများ ထိုက်သင့်သော ချီးမြှောက် ဂုဏ်ပြုခြင်းသာ ဖြစ်သင့်ပြီး၊ အပြစ်ပေးတာဝန်ပေးခြင်းဟူသော လုပ်ထုံးလုပ်နည်းကို ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။