(င) - လယ်ယာမြေမှတ်ပုံတင်ခြင်းကာလတိုးမြှင့် သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-21

လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မူလက တစ်နှစ် သတ်မှတ်ခဲ့ပြီး ဦးသောင်းဟန်(ယင်းမာပင် မဲဆန္ဒနယ်)၏ တင်ပြမှုကြောင့် နောက်ထပ် အချိန်တစ်နှစ် တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ယခုအချိန်ထိ လယ်ယာမြေမှတ်ပုံတင်ကိစ္စများကို ပြီးမြောက်အောင်မြင်အောင် မဆောင်ရွက်နိုင်သည့် ကိစ္စများကို တွေ့ရှိနေရ ဆဲဖြစ်ကြောင်း၊ မိမိမဲဆန္ဒနယ်တွင်လည်း လယ်ယာမြေမှတ်ပုံတင် ခွင့်လုပ်ငန်း ၁၃.၄၁ ရာခိုင်နှုန်းသာ ပြီးမြောက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက လယ်ယာမြေမှတ်ပုံတင်ကိစ္စကို အမျိုးသားတာဝန်အဖြစ် ထမ်းရွက်ကြရန် မှာကြားခဲ့သည့်အပြင် ၉-၈-၂၀၁၃ခုနှစ်၊ သမ္မတ အိမ်တော်တွင်လည်း လယ်ယာမြေမှတ်ပုံတင်ခြင်းကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးခြင်းဖြင့်  တောင်သူ လယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိလာပြီး တောင်သူ လယ်သမားများ၏ စီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ခြင်း တို့ကြောင့်  အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသွားသည်ကိုတွေ့ရှိရပါကြောင်း။

ထို့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး အကြီးအမှူးပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် တောင်သူလယ် သမား မြှင့်တင်ရေး ဥပဒေကြမ်းကို လပေါင်းများစွာ ကြိုးစားညှိနှိုင်းဆောင်ရွက်ပြီး အဖက်ဖက်ကပြည့်စုံရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို အကြိမ်ကြိမ်ဖိတ်ခေါ်၍ ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အတွက် ၃-၁၀-၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပြီး မကြာခင် တွင် ဥပဒေကြီး ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း၊ သို့သော်  တောင်သူလယ်သမား များတွင် လယ်ယာမြေ မှတ်ပုံတင်များ မရှိပါက အကျိုးမထိရောက်နိုင်သည့်အတွက်  လယ်ယာမြေဥပဒေမှတ်ပုံတင်ခြင်း လုပ်ငန်း မြန်ဆန် စွာပြီးမြောက်ရန် မဖြစ်မနေလိုအပ်ပါကြောင်း၊ ထိုကြောင့် လယ်ယာမြေမှတ်ပုံတင်ခြင်းကာလ ထပ်မံတိုးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက အချိန်မည်မျှတိုးမြှင့်ပေးပါမည်နှင့် မြေယာမှတ်ပုံတင်မှု မှန်ကန်မြန်ဆန် အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ အသီးသီးမှ စီစဉ်ဆောင်ရွက်မှုများ အား သိရှိလိုပါကြောင်း မေးမြန်းပါသည်။