(က)-လွှတ်တော်တွင်ကတိပြုထားပြီးဖြစ်သည့်မယ် ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်း၊ နမ္မဘေလီတံ တား၊နားလီဘေလီတံတားတို့အားသံကူကွန်ကရစ် တံတားအဖြစ် ပြုပြင်တည်ဆောက်ပေးရန်အတွက် ၂၀၁၄ - ၁၅ ဘတ်ဂျက်တွင် လျာထားဆောင်ရွက် ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်းရှိ ၃/၅၁ နားလီတံ တားနှင့် ၁/၂၄ နမ္မတံတားတို့ကို ပြုပြင် ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းပြီး ပထမအ ကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ ၁၈-၁-၂၀၁၃ ရက်နေ့ တွင် မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နားလီတံတားအား ၈၀ ပေ၊ ၂၄ ပေ အကျယ် သံကူကွန်ကရစ်တံတားအဖြစ်လည်းကောင်း၊ နမ္မတံတား အား ၁၂၀ ပေ၊ ၂၄ ပေအကျယ် သံကူကွန်ကရစ်တံတား အဖြစ် လည်းကောင်း တည်ဆောက်ရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် စတင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၃-၁၄ ငွေလုံးငွေရင်းဖြည့်စွက်ရန် ပုံငွေ တောင်းခံဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထား ချက် ငွေလုံးငွေရင်းအသုံးစရိတ်စာရင်းများတွင် မိမိတင်ပြထားသော တံတားအမည်များ ပါရှိသော်လည်း မြို့နယ် အမည်များ မှားယွင်းဖော်ပြထားသည့်အပြင် ထောက်ခံတင်ပြချက်တွင် တန်ဖိုးများ ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်တွင် ကတိပြုထားပြီးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်း မိုင်းရယ်မြို့နယ်အတွင်းတည်ရှိသော ၁/၂၄ နမ္မဘေလီတံတားနှင့် ၃/၅၁ နားလီဘေလီတံတားတို့အား သံကူကွန်ကရစ် တံတားအဖြစ် ပြုပြင်တည်ဆောက်ပေးရန် မည်သည့် အတွက်ကြောင့် ဆောင်ရွက်မပေးသည်နှင့် ၂၀၁၄-၁၅ ဘတ်ဂျက်တွင် ပြန်လည်ထည့်သွင်းလျာ ထားဆောင်ရွက် ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။