(ခ)-မိမိနိုင်ငံ၏ လမ်းစနစ် နှင့် ကိုက်ညီသော (Brand New) ဘယ်မောင်းကားအသစ်များ နှင့် အခြား နိုင်ငံမှတင်သွင်းမည့် ကားများကို မတင် သွင်းမီ အရည်အသွေး စစ်ဆေးခြင်းလက်မှတ် ပါရှိမှ တင်သွင်းခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးစောလှထွန်း (ချောင်းဦး) မိမိအနေဖြင့် မော်တော်ယာဉ်တင်သွင်းမှုနှင့် စပ်လျဉ်းသော အကြောင်းအရာသုံးခုကို မေးမြန်း မည်ဖြစ်ပါကြောင်း၊  ပထမအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီနှင့် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသားများအား အခြားနိုင်ငံများနည်းတူ မိမိနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသော ပြုပြင်ထိန်းသိမ်းစရိတ်သက်သာသည့် Brand New ကားများကို သက်သာသော အခွန်နှုန်းထားနှင့် ကောက်ခံသုံးစွဲခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း၊ ဒုတိယ အနေဖြင့် နိုင်ငံသားများ ကားဟောင်း/ကားသန့်များကို  ဝယ်ယူသုံးစွဲနိုင်ရေးအတွက် တစ်ပတ်ရစ် ကားများနှင့် ထိခိုက်ပျက်စီး ထားသည့်ယာဉ်များကို လိမ်လည်ရောင်းချမှုများမှ ပပျောက်အောင် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိကို လည်းကောင်း၊ တတိယအနေဖြင့် အခြားနိုင်ငံများနည်းတူ တင်သွင်းလာမည့် ကားများကို တင်သွင်း ခြင်းမပြုမီ နိုင်ငံတကာစံချိန်မီ အရည်အသွေးစစ်ဆေးရေးအဖွဲ့ တစ်ခုခုမှ အရည်အသွေး စစ်ဆေးခြင်း လက်မှတ်ပါရှိမှ တင်သွင်းခွင့်ပြုရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။