(က)-ဆီထွက်သီးနှံများ ပြည်ပတင်ပို့မှုနှင့် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှု စသည်တို့၏ ကုန်သွယ်မှု မူဝါဒကို ပြုပြင် ပြောင်းလဲရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုအချိန်တွင် ပြည်ထောင်စုအစိုးရမှ ပြည်တွင်းမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ သား၊ ငါး၊ ပုစွန်ကို သင့်တင့်သောဈေး နှုန်းဖြင့် ပေါများစွာ စားသုံးနိုင်ရန်အတွက် ပြည်တွင်း၌ ကြိတ်ဝါး ထုတ်လုပ်သော တိရစ္ဆာန်အစားအစာ များဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ ပန်းနှမ်းဖတ်တို့ကို ပြည်ပ တင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု သိရပါကြောင်း၊ သို့သော်လည်း စားသုံးသူပြည်သူများ၏ ကျန်းမာရေး အကျိုးကိုဖြစ်စေသော စားသုံးဆီကို ဖူလုံစေသည့် ပြောင်း၊ နှမ်း၊ ပဲပုပ်စေ့တို့ကို အတိုင်းအဆမရှိ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုထား ကြောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ လိုအပ်သော စားသုံးဆီဖူလုံမှု အတွက်ကို ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးကိုရစေသည့် စားအုန်းဆီကို တင်သွင်းခွင့်ပြုထားသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေသော စားအုန်းဆီတင်သွင်းနေသည့် စီးပွားရေးမူဝါဒကို ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။