(ခ)-ဖွံ့ဖြိုးတိုးတက်မှုအားနည်းသောမြို့ပေါ်ရပ်ကွက် များအတွက်လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများကိုနိုင် ငံတော်မှထောက်ပံ့ကူညီဆောင်ရွက်ပေးရန်အစီ အစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးမောင်မောင်တင် (ရေကြည်) မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော မြို့နယ်များကို ပြန်လည်သုံးသပ်၍ကြည့်ပါက စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အခွင့်အလမ်းများ အားနည်းခြင်းတို့ကြောင့် ဖြစ်သည် ကို အခြေခံအကြောင်း တရားများအဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံရ ရှိသော အခွန် အကောက်ရန်ပုံငွေအဖြစ် ဆောင်ရွက်ရခြင်းဖြစ်၍ အခွန် အကောက် ပိုမိုရရှိသော မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများသည် ထင်သာ မြင်သာရှိကြောင်း တွေ့မြင်နေရသော်လည်း စီးပွားရေး မကောင်းမွန်သော မြို့နယ်များအနေဖြင့် မြို့ပေါ်ရပ်ကွက်ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းကို တွေ့မြင်ရမည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ ချမှတ်ထားသောမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးနေမည်ဆိုပါက နှစ်ကာလကြာမြင့်သည်နှင့်အမျှ မြို့နယ် အချင်းချင်း၊ လူနေမှုအဆင့်အတန်းကွာခြားကြမည် ဖြစ်ပါကြောင်း၊  အခွန်အကောက်ရရှိမှု နည်းပါးသော မြို့နယ်များအား လူနေမှုအဆင်‌့အတန်းကွာဟမှုမရှိစေရေး အတွက် နိုင်ငံတော်မှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ဆောင်ရွက်ပေးသင့်ပါကြောင်း၊  သို့ဖြစ်ပါ၍ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက် များက အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကူအညီတောင်းခံ တင်ပြလာပါက နိုင်ငံတော်မှ ထောက်ပံ့ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။