(င)-စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးအတွက်ပညာပေးနေမှုနှင့်လေ့ကျင့်ဆောင် ရွက်နေမှုရှိ၊မရှိကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ဒုတိယဗိုလ်မှူးကြီးအောင်မင်းဆွေ (တပ်မတော်သားကိုယ်စားလှယ်)

ဒုတိယဗိုလ်မှူးကြီးအောင်မင်းဆွေ (တပ်မတော်သားကိုယ်စားလှယ်) ယနေ့ မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနေသော နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သန့်ရှင်းသာယာဖို့ကလည်း အထူးအရေးကြီးသည့်အတွက် စွန့်ပစ် အမှိုက်များကို စနစ်တကျစွန့်ပစ်တတ်သော အလေ့အကျင့်များကို သင်ကြားပေးရန်လည်း လိုအပ်လျက်ရှိပါကြောင်း။ မြို့ကြီးများတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်များညစ်ညမ်းစေပြီး ရေစီးရေလာမြောင်းများ ပိတ်ဆို့ ပြီး ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကိုလည်း မကြာခဏကြုံတွေ့ခြင်းမျိုးဖြစ်ပေါ်ခဲ့ပါကြောင်း၊  ထို့ကြောင့် အစကောင်းမှ အနှောင်းသေချာဆိုသည့်စကားအတိုင်း အနာဂတ် ပဲ့ကိုင်ရှင်များဖြစ်လာကြမည့် ကလေး သူငယ်များအား မူလတန်းအဆင့် စာသင်ကျောင်းများတွင် လက်ဦးဆရာများဖြစ်သည့်ဆရာများမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ငယ်စဉ်ကပင် အလေ့အကျင့်ကောင်းများ ရရှိလာပြီး အနာဂတ်တိုင်းပြည်အတွက် စည်းကမ်းကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြခဲ့ပါသော စည်းကမ်းမဲ့ အမှိုက် ပစ်နေမှုများ လျော့နည်းသွားရေး၊ တစ်နည်းအားဖြင့် လုံးဝပပျောက်သွားရေး ငယ်စဉ်ဘဝမှ စနစ်တကျ အမှိုက်စွန့်ပစ်တတ်သော အလေ့အကျင်‌့ကောင်းများ စတင်လေ့ကျင့်ပေးမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ သန့်ရှင်းသာယာလာမှာဖြစ်ပါသဖြင့် (၁) မူလတန်းကျောင်းများမှ စတင်၍ စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် ပညာပေးသင်ကြားနေမှုများ ဆောင်ရွက်နေပါခြင်းရှိ/မရှိ၊ (၂) ဆောင်ရွက်နေခြင်းရှိပါက မည်ကဲ့သို့ လေ့ကျင့်သင်ကြား ဆောင်ရွက်နေ ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။