(ဃ)-ပြည်တွင်းဘဏ်များမှအပ်ငွေအပေါ်အပြိုင်အ ဆိုင်အတိုးနှုန်းပေးမှုအလွန်အကျွံမဖြစ်ပေါ်ရေးနှင့် Bankruptမဖြစ်ရေးတို့အားမည်သို့ထိန်းချုပ်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိက ဘဏ်များသည် လွန်ခဲ့သော သုံးလခန့်မှစပြီး အပ်ငွေ Deposit အပေါ် တစ်ပြေးညီ အတိုးနှုန်း Interest Rate ၈ ရာခိုင်နှုန်းပေးနေကြရာမှ ပူးတွဲဇယားပါဘဏ် ၁၂ ဘဏ်သည် ဇယားပါ အတိုင်း ၈.၂၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးလာကြခြင်း၊ Fixed Deposit အပ်ငွေ အပေါ် အတိုးနှုန်း တစ်လအတွက်ဆိုရင် ၉ ရာခိုင်နှုန်း၊ သုံးလအတွက်ဆိုရင် ၉.၂၅ ရာခိုင်နှုန်း၊ ခြောက်လ အတွက် ၉.၅ ရာခိုင်နှုန်း၊ တစ်နှစ်အတွက်ဆိုရင် ၁၀ ရာခိုင်နှုန်း တစ်ပြေးညီပေးကြခြင်းများကို တွေ့ရှိရပါကြောင်း၊
ရက်တွက်အတိုးနှုန်း Call Deposit ဆောင်ရွက်လိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက် တင်ပြရသည်ကိုသိရှိရပါကြောင်း၊ AGD ဘဏ်၊ AYA ဘဏ်၊ Myanmar Apex ဘဏ် များက ခွင့်ပြုမိန့်တောင်းခံထားသော်လည်းပဲ ဗဟိုဘဏ်မှတရားဝင် ခွင့်ပြုချက် ထုတ်ပေးတာ မတွေ့ရ သေးပါ။ ငွေလွှဲပို့ခနှုန်း (Remittance Fee)ကိုလည်း ပုဂ္ဂလိကဘဏ်များ အပြိုင်အဆိုင်ဝန်ဆောင် မှုပေးနေကြရာ ငွေကျပ် ၁၀၀ ကျပ်လျှင် ၁၅ ပြား၊ နောက် ၁၀ ပြား၊ နောက် ၅ ပြားထိ လျှော့ယူခြင်း၊ သုံးကြိမ်ငွေလွှဲလျှင် တစ်ကြိမ် FOC အခမဲ့ပေးနေတာကိုလည်း စုံစမ်းသိရှိရပါတယ်။ IMF ကမ္ဘာ့ ငွေကြေးအဖွဲ့အစည်းကလည်း ပုဂ္ဂလိကဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အကျိုးစီးပွား ထိခိုက်မည့်ကိစ္စမှလွဲပြီး လိုအပ်မှသာ စည်းမျဉ်းစည်းကမ်းရေးဆွဲပြီး ထိန်းကျောင်းသင့်သည်ကို အကြံပေးထားသည်ကို သိရှိရပါကြောင်း၊
ယခုအချိန်တွင် ဗဟိုဘဏ်မှ အပ်ငွေ Deposit အပေါ် အတိုးနှုန်း ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ ချေးငွေ Loan အပေါ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်း တိုးမြှင့်ခွင့်ပြုထားကြောင်း၊ ဘဏ်များ အတိုးနှုန်းမြှင့်ပေးသည့် အတွက် အပ်ငွေ Deposit ပိုမိုစုဆောင်းလာနိုင်သော်လည်း ချေးငွေကို Secure Lending ဖြင့်သာ ထုတ်ချေးနိုင်သည့်အတွက် လျှင်မြန်စွာထုတ်ချေးနိုင်စွမ်းမရှိကြောင်း ကြားသိရရသည်အပေါ် ဘဏ်အပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးပါက ဘဏ်ချေးငွေများထုတ်ချေးရာတွင် နှောင့်နှေးကြန့်ကြာ နေမည်ဆိုလျှင် ကုန်ကျစရိတ်မကာမိဘဲ ဘဏ်များဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲရှိမည်ဟု ယူဆမိပါကြောင်း၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း၊ ငွေလွှဲပို့ခနှုန်း Policy ကို မြန်မာနိုင်ငံ၏စီးပွားရေး၏ ငွေရေး ကြေးရေးအခြေအနေများနှင့်အညီ လိုက်လျောညီထွေရှိစေဖို့ စောင့် ကြည့်ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ စောင့်ကြည့်ထိန်းသိမ်းမှုအားနည်းလျှင် ပုဂ္ဂလိကဘဏ်များအနေ ဖြင့် အလွန်အမင်းပြိုင်ဆိုင်မှုများလာပါက နိုင်ငံတော်၏ငွေကြေးမူဝါဒ Monetary Policy နှင့် ငွေ ကြေးဈေးကွက် Monetary Market တည်ငြိမ်မှုကို ထိခိုက်စေပြီး Bank Crisis နှင့် Monetary Crisis ဘက်ကို ဦးတည်သွားနိုင်ပါကြောင်း၊
ပြည်တွင်းဘဏ်များအပ်ငွေအပေါ် အပြိုင်အဆိုင်အတိုးနှုန်းပေးနေကြသည်ကို အလွန်အကျွံ အခြေအနေမျိုး မဖြစ်ပေါ်စေရေး Bankrupt မဖြစ်စေရေး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မည်ကဲ့သို့စီစဉ်ပြီး ထိန်းချုပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။