(ဃ)-ခန္တီးမြို့တွင်ခရိုင်ဥပဒေရုံးနှင့်မြို့နယ်ဥပဒေရုံး အဆောက်အအုံများဆောက်လုပ်ပေးရန်အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း အစောဆုံး ရုံးဖွင့်လှစ်ခဲ့သည်တွင် ခရိုင်ဥပဒေ၊ မြို့နယ်ဥပဒေများ ပါဝင်ခဲ့သော်လည်း ယနေ့အချိန်အထိ ရုံးများမရှိသေးသည့်အတွက် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အောက်ထပ်တွင် အလွန်ကျဉ်းကျပ်စွာဖြင့် ရုံးခန်းဖွင့်လှစ်လျက် လုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် သာမန်အချိန်တွင် အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လည်းကောင်း၊ တရားခံအနေဖြင့်လည်းကောင်း ဥပဒေအကြံဉာဏ်များ ရယူသည့်အခါတွင် နေရာထိုင်ခင်းများစွာ အခက်အခဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း၊ မြေစာရင်းဌာနများ အနေဖြင့်လည်း လက်ရှိ ဌာနအသစ်များ နေရာချပေးလျက်ရှိသော လေယာဉ်ကွင်း၏ အရှေ့ဘက် ခန္တီး-ဟုမ္မလင်းကားလမ်းဘေးတွင် နေရာသတ်မှတ်ထားပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်ဥပဒေ၊ မြို့နယ် ဥပဒေရုံးများ ဆောက်လုပ်ရန် မည်သည့်ဘဏ္ဍာနှစ်တွင် ရန်ပုံငွေများချမှတ်၍ အဆောက်အဦများ ဆောက်လုပ်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။