(စ)-မန္တလေး၊မြစ်ကြီးနား မီးရထားလမ်းအား အ ဆင့်မြှင့် တင်ရန်နှင့် ရထားစက်ခေါင်း၊လူစီးတွဲများ အရည်အသွေးပြည့်မီစေရန်မည်ကဲ့သို့စီမံထားရှိ သည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ဗိုလ်မှူးခင်စိုး (တပ်မတော်သားကိုယ်စားလှယ်)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တခြားမြို့ရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူ များသည် မြေပြန့်ဒေသ ပြည်မနှင့်ဆက်သွယ် သွားလာရာတွင် ရေကြောင်းပို့ဆောင်ရေး နှင့် မီးရထားပို့ဆောင်ရေးကို အဓိက ထား သွားလာကြရာ၌ အခြေခံလူတန်းစား ခရီးသွားပြည်သူ များအနေဖြင့် ရထားပို့ဆောင်ရေးကို အများဆုံး မှီခိုအားထားသွားလာရလျက်ရှိပါကြောင်း၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသည် ၃၃၇ မိုင် ရှည်လျားပြီး ပုံမှန် ခုတ်မောင်းချိန်အားဖြင့် ပျမ်းမျှ ၂၂ နာရီခန့် ကြာမြင့်ပါကြောင်း၊
သို့ရာတွင် ရထားတိမ်မှောက်မှု၊ လမ်းချော်မှုများဖြစ်ပွားချိန်၌ လမ်းကြောင်းများ ပိတ်ပြီးအချိန် များနောက်ကျကာ ခရီးသွားလုပ်သားပြည်သူအခက်အခဲများကြုံတွေ့ကြရပါကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကုန်တင်တွဲ ချော်ရာမှ တိမ်းမှောက်မှု နှစ်ကြိမ်၊ မီးရထားတွဲချော်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းသည် ရာသီဥတုနှင့် ရေမြေသဘာဝအရ လမ်းချော် တိမ်းမှောက်မှုများဖြစ်ပွားလေ့ရှိသည်မှာ မှန်သော်လည်း ရထားသံလမ်းနှင့် တွဲများကောင်းမွန်ပါက ဖြစ်ပွားမှု လျော့နည်းနိုင်သည်ဟု ယူဆမိပါကြောင်း၊၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ETCS မှ အမေရိကန် ဒေါ်လာ ၄၅ သန်းချေးယူရေးကို လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် မန္တလေး-မြစ်ကြီးနား မီးရထား လမ်းအား အဆင့်မြှင့်တင်ရန်နှင့် ရထားစက်ခေါင်း လူစီးတွဲများ အရည်အသွေး ပြည့်မီစေရန် မည်ကဲ့သို့ စီမံထား ရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။