(က)-အောက် မြန်မာပြည် (ဖောင်ကြီး)နှင့်အ ထက်မြန်မာပြည်(ဇီးပင်ကြီး)တို့တွင်ဒီမိုကရေစီ အရေးနှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်း များ ပြုစုပြဋ္ဌာန်းရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
ပြည်သူ့ဝန်ထမ်းများကို လေ့ကျင့်ပျိုးထောင်ပေးသော အောက်မြန်မာပြည် (ဖောင်ကြီး)နှင့် အထက်မြန်မာပြည် (ဇီးပင်ကြီး) တို့တွင် လေ့ကျင့်ရေးတက္ကသိုလ်များ ဖွင့်လှစ်ထားပါကြောင်း၊ လေ့လျင့်ရေးကျောင်းများသည် လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းအတွက် အဓိကကျပါသဖြင့် ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် လည်း ခေတ်စနစ်နှင့်အညီ ကိုက်ညီမည့် မူဝါဒများနှင့်အညီ လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးသော အစီအစဉ်များသည် ဖောင်ကြီးကျောင်းကို ယခင် မဆလခေတ်က စတင် တည်ထောင်ခဲ့ပါကြောင်း၊ တပ်မတော်အစိုးရလက်ထက်၌ အထက်မြန်မာပြည်၊ ဇီးပင်ကြီးတွင် တစ်ကျောင်းဖွင့်ခဲ့ပါကြောင်း၊ ကျောင်း နှစ်ကျောင်းမှ တပ်မတော်အစိုးရမူဝါဒများနှင့်ကိုက်ညီသော ဝန်ထမ်းများကို လေ့ကျင့်ပေးခဲ့ပြီး ယခုအချိန်တွင် သင်တန်းမျိုးစုံဖွင့်လှစ်ပြီး ဝန်ထမ်းများကို လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ ယခုအချိန်သည် ဒီမိုကရေစီအသွင်ပြောင်းရေးကာလဖြစ်သောကြောင့် လေ့ကျင့်ပြုစုပျိုးထောင်ပေး သည့် အဆင့်ဆင့်သောဝန်ထမ်းများသည်လည်း ဒီမိုကရေစီနှင့်ကိုက်ညီသော ဝန်ထမ်းများဖြစ်လာပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ မကြာသေးခင်က ဖောင်ကြီးတွင် ပြီးသွားသော ဆရာဝန်များ လေ့ကျင့် သင်တန်းတွင် အခြေခံစစ်ရေးပြနှင့် ပတ်သက်သော သင်ခန်းစာ၊ အရာထမ်းကောင်းများနှင့် ပတ်သက် သော အခြေခံမူဝါဒများ၊ ဥပဒေနှင့်ပတ်သက်သော သိသင့်သိထိုက်သည့် ကိစ္စရပ်များ၊ စီးပွားရေးနှင့် စစ်ရေးပညာရပ်များ၊ အထွေထွေစီမံခန့်ခွဲမှုဘာသာရပ်နှင့် ခေါင်းဆောင်မှုပညာ၊ နိုင်ငံတကာရေးရာနှင့် အထွေထွေနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံ၏ အတွေးအခေါ်များနှင့် ကမ္ဘာ့သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေး သမိုင်း အကျဉ်းတို့ကို သင်ကြားပို့ချပေးကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ ခေါင်းစဉ်များကို ကြည့်ခြင်းအားဖြင့် အနာဂတ်ဝန်ထမ်းများအတွက် လိုအပ်သည့် သင်ခန်းစာများဟု ယေဘုယျအားဖြင့် ပြော၍ရသော်လည်း အသေးစိတ်ကြည့်မည်ဆိုပါက ဝန်ထမ်းများကို ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ပို့ချသင်ကြားမှု လွန်စွာအားနည်း နေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ယာယီသဘောဆိုသည်ကို သမိုင်းက သက်သေပြခဲ့ပြီဖြစ်ပြီး တပ်မတော်အစိုးရဆိုသည်မှာလည်း ကဏ္ဍတစ်ခု ပြီးဆုံးသွားပြီ ဖြစ်ပါကြောင်း၊ သို့သော် အနာဂတ်မြန်မာပြည် နိုင်ငံရေးခရီးတွင် ဒီမိုကရေစီအရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သကဲ့သို့ အဒွန့် တည်ရှိမည့် ဝါဒတစ်ခုဖြစ်သည်ကို အားလုံးက သဘောတူလက်ခံနိုင်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံခေါင်းဆောင်များဖြစ်သော အရာထမ်း၊ အမှုထမ်းများကို ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ သင်ကြားပို့ချပေးရန် အလွန်လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများကို သင်တန်းပို့ချမည့် ဆရာများကိုယ်တိုင် ဒီမိုကရေစီအရေးနှင့်ပတ်သက်သော သင်ခန်းစာများ ကျွမ်းကျင်ရန်လိုအပ်ပါသဖြင့် (၁) ဝန်ထမ်းတက္ကသိုလ်များတွင် သင်ကြားပို့ချမည့်ဆရာများကို ဒီမိုကရေစီအရေးနှင့် သင်ခန်းစာနှင့် ပတ်သက်ပြီး ကျေကျေလည်လည်ဖြစ်စေရန် အရည်အချင်းမြှင့်တင်ပေးမည့်အစီအစဉ်ရှိ/မရှိ၊ (၂) သင်တန်းသူ သင်တန်းသား များနှင့် ဆီလျော်သော ဒီမိုကရေစီအရေးနှင့်ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများ၊ ဆဲလဘတ် များ ပြုစုပြဋ္ဌာန်း ရန် အစီအစဉ်ရှိ/မရှိနှင့် (၃) အထက်ပါ မေးခွန်းနှစ်ခုနှင့်ပတ်သက်၍ အစီအစဉ် မရှိသေးပါက မည်သည့် အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။