(င)- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေမည့်အနာဂတ်အစီ အမံများမည်သို့ချမှတ်ထားသည်နှင့်အစီအမံများကို အကောင်အထည်ဖော်ရာတွင်စိန်ခေါ်မှုများကြုံတွေ့ လာပါက မည်သည့်နည်းလမ်းဖြင့်ဆောင်ရွက်မည် ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ဗိုလ်မှူးချုပ်တင့်ဆန်း (တပ်မတော်သား ကိုယ်စားလှယ်)
ယနေ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရန် မဏ္ဍိုင်ကြီး သုံးခုဖြင့် ဟန်ချက်ညီ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရသစ်လက်ထက် သုံးနှစ်ကျော် ကာလ အတွင်းမှာ အထိုက်အလျောက်တိုးတက်မှုများရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မဏ္ဍိုင်ကြီး သုံးခုကို ဟန်ချက်ညီ ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး တစ်ခုချင်းစီအလိုက် အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများ တွေ့ရှိရမည်ဖြစ်သကဲ့သို့ ယင်းတို့ကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို အားသာချက် အဖြစ်လည်းကောင်း၊ စိန်ခေါ်မှုများကို အခွင့်အလမ်းများ အဖြစ်လည်းကောင်း ဖန်တီးယူမှသာ ကျန်ရှိသော သက်တမ်းကာလအတွင်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြင့်မားလာမည်ဟု ယူဆရပါကြောင်း၊
ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုလည်း လိုအပ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်အစီအမံများကို ပြည်သူလူထုသိရှိမှသာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုအနေဖြင့် ကျန်ရှိသော သက်တမ်း ကာလအတွင်း နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဟန်ချက်ညီဆောင်ရွက်မည့် အနာဂတ်အစီအမံများ မည်သို့ချမှတ်ထားသည်နှင့် ထိုသို့အနာဂတ်အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့လာပါက စိန်ခေါ်လာမှုများကို အားသာချက်အခွင့်အလမ်းများအဖြင့် ဖန်တီးယူနိုင်ရန် မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။