(ဂ)-မင်းပြား-မြေပုံမြို့ချင်းဆက်လမ်းအားကတ္တ ရာလမ်းသို့မဟုတ်ကွန်ကရစ်လမ်းအဖြစ်ဖောက် လုပ်ပေးရန်နှင့် မြေပုံမြို့အားလမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန်မည်သို့သော စီမံချက်များရေးဆွဲထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21
မေးခွန်း အကြောင်းအရာ 

မြေပုံမြို့နယ်သည် တစ်ရွာတစ်ကျွန်းဆိုသကဲ့သို့ တည်ဆောက်ထားသည်ဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါကြောင်း၊ မြေပုံမြို့သည်ပင်လျှင် ကြပ်စင်ကျွန်းပေါ်မှာရှိသည့်အတွက် မည်သည့်မြို့နှင့်မျှ ကားလမ်းအဆက်အသွယ်မရှိပါကြောင်း၊ ထို့ကြောင့်လည်း မင်းပြား-မြေပုံကားလမ်း ၂၄ မိုင် ၇ ဖာလုံရှိသော ကားလမ်းကို ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းဖြစ်မည်ဆိုပါက ရန်ကုန်-စစ်တွေကားလမ်းနှင့်ပါ ဆက်သွယ်ချိတ်ဆက်မိမည်ဖြစ်ခြင်းကြောင့် ဒေသခံပြည်သူများ မျှော်လင့်နေကြနေသော လမ်းတစ်လမ်းလည်းဖြစ်ပါကြောင်း၊  အဆိုပါ မင်းပြား-မြေပုံလမ်းကို ယခင်က လမ်းကြမ်းအဖြစ် လုပ်အားပေးစနစ်နှင့် တည်ဆောက်ခဲ့ရာမှ ၂၀၁၁-၂၀၁၂ မှ စတင်ကာ ကျောက်ချောလမ်းအဖြစ် တည်ဆောက်လာပါကြောင်း၊ ယခုဆိုလျှင် ကြပ်စင်မြစ်ကူးတံတားကို ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် တည်ဆောက်ပြီး အနည်းဆုံး ၃ နှစ်လောက်ခန့်ကြာမည်ဖြစ်ပါကြောင်း၊  မိမိအနေဖြင့် အဆိုပါလမ်းကို ယခင်လမ်းကြမ်းအဖြစ်မှ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ်သို့ ရောက်ရှိရန် အကြိမ်ကြိမ်တင်ပြပါသော်လည်း ယခု အစိုးရသက်တမ်း ပြည့်ခါနီး အချိန်ထိ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ်သို့ရောက်ရှိခြင်းမရှိပါကြောင်း၊ မိမိတို့ အနေဖြင့် မြေပုံမြို့ကသွားမည့် ခရီးသည်များအနေဖြင့်  မနက် ၃ နာရီကပင် မင်းပြားတစ်ဖက်ကမ်းရှိ ကြပ်စင်မြစ်ထိပ်သို့ သွားရောက်စောင့်ဆိုင်းရခြင်းကြောင့် ၂၄မိုင် ခန့်ရှိခရီးကို  ၃ နာရီလောက်ခန့် သွားရသည့် အခက်အခဲများနှင့် ကြုံတွေ့ရပါကြောင်း၊ ရေလမ်းခရီးအနေဖြင့်လည်း အစိုးရသင်္ဘောများအနေဖြင့် တစ်ပတ်လျှင် ၂ ကြိမ်သာရှိပြီး သွားနှုန်းသည်လည်း အလွန်းနှေးကွေးသည့်အတွက် ဆက်သွယ်ရေး ခက်ခဲပြီး စီး ပွားရေး၊ လူမှုရေး အဖက်ဖက်တွင် ကျဆင်းလာခြင်း၊  အခွင့်အရေး နည်းခြင်း၊ များဖြင့် တွေ့ကြုံနေရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် မင်းပြား-မြေပုံ မြို့ချင်းဆက်လမ်းအား ရာသီမရွေးသွားလာနိုင်ရန်အတွက် ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ် ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် မြေပုံမြို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါစေရန် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။