(ဂ)-နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသယ်ယူ ပို့ဆောင်ရေး မဟာစီမံကိန်းကို မည်သို့ရေးဆွဲ၍ မည်သို့အကောင်အထည်ဖော်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းလာစေရေးနှင့် ဒေသအတွင်း ပေါင်းသင်းဆက်ဆံမှု မြှင့်တင်ရေးအတွက် အာဆီယံအဝေးပြေးလမ်းမကွန်ယက် စင်ကာပူ-ကူမင်းရထားလမ်းချိတ်ဆက်မှု၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်း ပို့ဆောင်ရေးဈေးကွက်၊ အာဆီယံ၏ တစ်ခုတည်းသော ပင်လယ်ရေကြောင်း ပို့ဆောင်ရေးဈေးကွက် ပဏမခြေလှမ်းများကို ပြီးစီးမှုအပါအဝင် အကျိုးများသော၊ စိတ်ချရသော၊ ရေရှည်ခံသော ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ ကတိကဝပ်များကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ အကြိမ် (၂၀) မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးတွင် ၂၀၁၆ မှ ၂၀၂၅ အထိ အာဆီယံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်ချမှတ်ခြင်း၊ အာဆီယံတစ်ခုတည်းသော ရေကြောင်းပို့ဆောင်ရေးဈေးကွက် အကောင်အထည်ဖော်ရေးမူဘောင် ချမှတ်ခြင်းနှင့် ရေနံ ရုပ်သိမ်းမှု ပူတွဲကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဖြေရှင်းရေး အာဆီယလုပ်ထုံးလုပ်နည်းဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသောဒေသများက လမ်းပန်းကောင်းမွန်ရေးသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျော့နည်းစေပြီး ဒေသခံများ၏ လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားစေမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျသည့်လူများသည် ကားလမ်း၊ ရထားလမ်းမရှိသော ကျေးရွာများမှ လူများ၊ ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည် ဒေသမှ လူများဖြစ်ကြပါကြောင်း၊ ၎င်းဒေသခံများသည် ဆင်းရဲတွင်းနက်သည့်အပြင် အာဟာရချို့တဲ့ခြင်း၊ မီးအိမ်ကလေးသေနှုန်းမြင့်မားခြင်း၊ ကျောင်းနေနိုင်မှု၊ စာတတ်မြောက်မှု နိမ့်ကျနေခြင်းများကို တွေ့ရှိရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါမှ ပညာရေး၊ ကျန်းမာရေး၊ အခြားဝန်ဆောင်မှုများပါ တိုးတက်မြင့်မားလာမည်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသယ်ယူပို့ဆောင်ရေး မဟာစီမံကိန်းကို မည်ကဲ့သို့ ရေးဆွဲပြီး မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။