(ခ)-သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ဆည် (၆)ခုနှင့်ပတ်သက်၍ဗျူဟာမြောက်EIAကိုလုပ်ဆောင် ရန်နှင့်၎င်းဆည်များဆောက်လုပ်ရာတွင်IWRMရေ အရင်းအမြစ်ဘက်စုံစီမံကိန်းခန့်ခွဲမှုနည်းစနစ်ကို အသုံးပြု ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-21

သံလွင်မြစ်သည် ကီလိုမီတာ ၂၈၂၀ နှင့် ကမ္ဘာ့ပေါ်တွင် ၂၆ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး ဘူမိဗေဒ နည်းပညာအရ မြေပြိုနိုင်မှုဖြစ်နိုင်သည့်နေရာ ၆၅၇ ခုရှိသည်ကို တွေ့ရှိရပါကြောင်း၊  ထို့ပြင် သံလွင်မြစ်ဝှမ်း ဒေသကြီးတစ်ခုလုံးသည်လည်း ငလျင်ကြီးများလှုပ်နိုင်သော ကျောက်ကြမ်း ပြတ်ရွေ့ကြောကြီးပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါ သံလွင်မြစ်ပေါ်တွင် အထက်မြစ်ညာ တိဘက် ကုန်းပြင်မြင့်၏ မြစ်ကမ်းဘက်တွင် ဆည်ပေါင်း ၂၀ ကျော်၊ တရုတ်ပြည် ယူနန်ပြည်နယ်တွင် ဆည် ၁၃ ခုနှင့် မြန်မာနိုင်ငံဘက်တွင် ဆည် ၆ ခု တည်ဆောက် မည်ဟု ကြားသိရပါကြောင်း၊ သံလွင်မြစ်ရေကို တရုတ်နိုင်ငံအနေဖြင့် ယံစီမြစ်အတွင်း လွှဲယူမည့် စီမံကိန်းနှင့် မြန်မာနိုင်ငံဘက်ကလည်း ထိုင်းနိုင်ငံ ဘူမိဘွားဆည်ကို ရေဖြည့်ပေးရန် ဆောင်ရွက်နေသည့် အကြောင်းများကို ကြားသိရပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်း တစ်စက္ကန့် ကုဗမီတာ ၃၀၀၀ နှုန်းအရှိန်၊ စက်တပ်ဆင်အား မဂ္ဂါဝပ် ၇၀၀၀ ခန့်ရှိသော အထက်သံလွင် မိုင်းတုံစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ ရှိသော နောင်ဖ စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများနှင့် အထက်မြစ်ညာတွင် ဆောက်လုပ်မည့် တာတမံပေါင်း ၃၃ ခုတို့သည် သံလွင်မြစ်ပေါ်တွင် ရှိနေသည့်အတွက် ပမာဏများစွာသော ရေများသည် မြစ်အောက်က ပြတ်ရွေ့ကြောင်း အပေါ် ပြင်းထန်လွန်းသော ဖိအားကိုဖြစ်ပေါ်စေပြီး ငလျင်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက သုံးသပ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့ရာတွင် ဇီပင်ဖုဆည်၏ ရေသိုလှောင်မှု ဧရိယာကြောင့် ပြင်းထန်သည့် ဖိအား ဖြစ်ပေါ်စေခဲ့သည်ကို သိရှိရပါကြောင်း။

အကယ်၍ သံလွင်မြစ်ပေါ်ရှိ ဆည်များထဲမှ ဆည်တစ်ခုခုသာ သဘာဝဘေးအန္တရာယ်(သို့) အခြား အကြောင်း အရာများကြောင့် ပျက်စီးပြိုကျခဲ့မည်ဆိုလျှင် ဆည်အောက်ပိုင်းနှင့် သံလွင်မြစ်ကမ်း တစ်လျှောက် နေထိုင်ကြ သည့် တိုင်းရင်းသားမျိုးနွယ်များ၏ လူနေမှုဘဝများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးရမည်ဖြစ်သည့်အတွက် စီမံကိန်းများ၏ အကျိုးရလာဒ်ကို တွက်ချက်ရာတွင် ပြည်သူလူထု၏ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်စားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းများ ဆောင်ရွက်ရာ၌ အဆင့်အတန်းမီသော၊ အများလက်ခံနိုင်သော သက်ဆိုင်ရာဝန်ကြီးဌာနက အတည်ပြုသော ESIA, SEAနှင့် Feasibility Study Report (FSR) များပြုလုပ်ထားဖို့ရန် လိုပါကြောင်း၊ ထို့အပြင်  IWRM  Integrated Water Research Management ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု နည်းစနစ်တွေရှိရန်လည်း လိုအပ်ပါကြောင်း၊  စီမံကိန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုများကို ဒေသအသီးသီးတွင်ရှိသော  ဒေသခံပြည်သူများသိရှိရန်အတွက် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်နှင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက် မည့်ဆည် ၆ ခုနှင့်ပတ်သက်၍ ဗျူဟာမြောက် EIAများနှင့် IWRM ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနည်း စနစ်များကို အသုံးပြုရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။