(က)-လယ်မြေကိုအခြားနည်းဖြင့်အသုံးပြုခွင့်(လယ -၃၀)လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅) ရေး ကူးခွင့်လျှောက်ထားခြင်းများ အပေါ်ညွှန်ကြားကန့် သတ်ချက်များ ဖြေလျော့ပေးရန် နှင့်စပ်လျဉ်းသည့်မေး ခွန်း

2020-12-21

လယ်ယာမြေဥပဒေတွင် အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားခွင့်ရှိသကဲ့သို့ ထိုဥပဒေ၊ နည်းဥပဒေများ တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေး၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက် စသည့် အဆောက်အဦများအတွက် လယ်ယာမြေကို အသုံးပြုနိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ အထက်ပါကဲ့သို့ ဥပဒေနှင့် နည်းဥပဒေများအရ ဥပဒေကို လေးစားလိုက်နာလိုသည့် ပြည်သူများ၊ ရပ်မိရပ်ဖအပေါင်းတို့က လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅) မြေပုံရေးကူးခွင့် လျှောက်ထားခြင်းများကို ပြုလုပ်ခဲ့သော်လည်း ခက်ခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ယခုအခါ လယ်ယာမြေကို မြေစာရင်းပုံစံ (၁၀၅) မြေပုံရေးကူးခွင့်လျှောက်ထားရာတွင် တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ ယင်းအဖွဲ့၏ ခွင့်ပြုချက်ကို ထောက်ခံချက်ပေါင်း ၂၅ ဆောင်ခန့် လျှောက်ထားနေရခြင်းများကြောင့် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများ၊ ပေါ်ပေါက်ရေးအတွက် အခက်အခဲဟန့်တားမှုများ ဖြစ်နေရပါကြောင်း၊ ထို့အတူ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင်လည်း ခက်ခဲလှသည့် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင်‌့အပါအဝင် အခြားအခက်အခဲများ ရှိနေပါကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့်ပတ်သက်၍ လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က လျှောက်ထားလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ရာ ဖြေကြားချက်အပေါ် ပေါက်မြို့အဝင် လယ်ယာမြေများကို အခြားနည်းအသုံးပြုနေကြသည့် တောင်သူ ၆၀ ဦးခန့်က လျှောက်ထားခဲ့သော်လည်း ယနေ့အထိ ခွင့်ပြုချက်မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ဥပဒေကို လေးစားလိုက်နာပါက ဥပဒေနှင့်အညီ လျှောက်ထားကြသော် လည်း ဆောင်ရွက်ပေးမှုအားနည်းနေပြီး ဥပဒေကို ဆန့်ကျင်ကာ ခွင့်ပြုချက် မလျှောက်ထားဘဲ အခြားနည်းအသုံးပြုနေမှုများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးနိုင်မှုမရှိခြင်း ကြောင့် ဥပဒေကို အမှန်တကယ်လေးစားလိုက်နာလိုသူ ပြည်သူများက ဥပဒေစိုးမိုးမှုအားနည်းနေသည်ဟု ထင်မြင်ယူဆနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ၍ လိုအပ်နေသည့် လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့် (လယ-၃၀) လျှောက်ထားခြင်းနှင့် မြေစာရင်း ပုံစံ (၁၀၅) မြေပုံရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် ညွှန်ကြားကန့်သတ်ချက်များနှင့်ပတ်သက်၍ (၁) လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ (၁၀၅) မြေပုံရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် ညွှန်ကြားချက်၊ ကန့်သတ်ချက်များကြောင့် ဥပဒေကို လေးစားလိုက်နာလိုသူ ပြည်သူများနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် ရပ်မိရပ်ဖအဖွဲ့အစည်းများအတွက် အတားအဆီး အဟန့်အတားသဖွယ်ဖြစ်နေကာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်နေသည့် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများ ပေါ်ပေါက်ရေးအတွက် ခက်ခဲ ဟန့်တားမှုများ ဖြစ်နေသည်ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ပေါက်မြို့အဝင် တောင်သူ ၆၀ ဦး ခန့်က ၂၈-၁၁-၂၀၁၃ ရက်နေ့က လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသော်လည်း ယနေ့အထိ တစ်နှစ်ကျော်ကြာခဲ့သည့်တိုင် ခွင့်ပြုချက်မရခြင်းမှာ ၎င်းလျှောက်ထားချက်များ မည်သည့်အဆင့်ရောက်၍ မည်သည့်နေရာဌာနနှင့် ပုဂ္ဂိုလ်တို့တွင် မည်သို့သောအကြောင်းများကြောင့် အချိန်မည်မျှကြာနေသည်နှင့် ထိုသို့ ကြန့်ကြာမှုအပေါ် မည်သို့ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်၊ (လယ-၃၀)လျှောက် ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် ညွှန်ကြားချက်၊ ကန့်သတ်ချက်များအား ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။