(ခ)-တနင်္သာရီတိုင်းဒေသကြီးမြိတ်နှင့်ကော့သောင်း ခရိုင်များအားထားဝယ်ခရိုင်နည်းတူမဟာဓာတ်အား လိုင်းချိတ်ဆက်ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21
တနင်္သာရီတိုင်းဒေသအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသဖြင့် ပုဂ္ဂလိကမီးလင်းရေးကော်မတီမှ လျှပ်စစ်ဓာတ်အားများကို ရယူသုံးစွဲ၍ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ကျပ် ၄၄၀ မှ ၄၇၀ အထိကိုပေး၍ အသုံးပြုနေခဲ့ရသည်မှာ ၁၀ နှစ်ကျော်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ မကြာသေးသောအချိန်ကာလအတွင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားတစ်ယူနစ်လျှင် ၃၅ ကျပ်မှ ယူနစ် ၂၀၀ အထက်ကို ၄၀ စသည့်ဈေးနှုန်းသို့ ပြောင်းလဲ သတ်မှတ်ခြင်းကြောင့် သက်ဆိုင်ရာ မြို့နယ်အလိုက် စတင်ဆန္ဒပြခဲ့ကြသော်လည်း တနင်္သာရီတိုင်းအနေဖြင့် ရွေးချယ်ခွင့်မရှိဘဲ မဖြစ်အနေ သုံးစွဲနေရသည့် တစ်ယူနစ်လျှင် ၄၄၀၊ ၄၇၀ ကျပ် စသည်တို့ကို ငြင်းဆန်နိုင်ခြင်း မရှိဘဲ သုံးစွဲနေကြရပါကြောင်း၊ တနင်္သာရီ တိုင်းဒေသအတွင်းရှိ ထားဝယ်ခရိုင်အနေဖြင့် ၂၀၁၅ မှ စတင်အကောင် အထည်ဖော်ဆောင်၍ မဟာဓာတ်အားလိုင်းကို ချိတ်ဆက်အသုံးပြုမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး၏ ဖြေကြားချက်အရ သိရှိခဲ့ကြရပါသည်။ အလားတူပင် တနင်္သာရီတိုင်းဒေသကြီး ကျန်ခရိုင်နှစ်ခုကလည်း မဟာဓာတ်အားလိုင်းကို  ချတ်ဆက်အသုံးပြုခွင့်ရရှိရေးကို ပြည်သူတို့က လိုလား တောင်း တနေကြ ပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို မေးမြန်းပေးရခြင်းဖြစ်ပါကြောင်း၊ (၁) တနင်္သာရီ တိုင်းဒေသကြီး၏ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များအား ထားဝယ်ခရိုင်နည်းတူ မဟာဓာတ်အား လိုင်း ချိတ်ဆက်ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိကိုသိရှိလိုပါကြောင်း၊ အစီအစဉ်ရှိမည်ဆိုပါက မည်သည်‌့အချိန်တွင် ချိတ်ဆက်ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။