(က)-သဘာဝဘေးအန္တရာယ်ဖြစ်သော မြေငလျင် လှုပ်ခတ်မည့်သတင်းကြိုတင်အသိပေးရေး၊လှုပ်နေ သည့် အချိန်အတွင်းမည်သို့ အန္တရာယ်ကာကွယ် ရန်နှင့် ဆောင်ရွက်မည့် လုပ်ငန်းများကိုပြည်သူများ သိရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

 မိမိတို့ မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့အပြားတွင် ငလျင်များမကြာခဏလှုပ်နေသည်ကို တွေ့ရှိရ ပါကြောင်း၊  အင်အားအကြီးဆုံး ငလျင်ဖြစ်သည့် သပိတ်ကျင်းငလျင် လှုပ်ခတ်ပြီးနောက်တွင်လည်း  ငလျင်ငယ်များ ရာနှင့်ချီ လှုပ်ခတ်နေခဲ့သည် ကိုကြုံတွေ့ရပါကြောင်း၊ ၎င်းငလျင်ငယ်များ၏ ပြင်းအားသည် အဆင့် ၅ အထိ ကျော်လွန်သည့်  ငလျင်များ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်မှုအပိုင်းဟာ အခြားသဘာဘေးအန္တရာယ်များထက် ပိုပြီးတော့ အလေးပေးသင့်ကြောင်း ပညာရှင်များကလည်း ထောက်ပြဝေဖန်နေသည်ကို တေ့ွရှိရပါကြောင်း၊ မြန်မာနိုင်ငံအနှံ့တွင် အဓိကငလျင်ကြောကြီး ငါးခုရှိနေသည့်အပြင် စစ်ကိုင်းပြယုဒ် ကြောကြီးကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ အနီးက ကပ္ပလီပင်လယ်အတွင်းကို တိုးဝင်သွားသည်မှာ ကီလိုမီတာ ၁ သောင်းခန့်ရှည်လျားသည် ဆိုသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းပြယုဒ်ကြောကြီးသည် မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချုင့်၊ စစ်ကိုင်း၊ မြစ်သား၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဉ်းမနား၊ ဖြူး၊ ပဲခူး၊ ခရမ်းသုံးခွများကို ဖြတ်ကျော်၍ ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်သွားခြင်းဖြစ်သည်ဟု ပညာရှင်များက အသေးစိတ် တွက်ချက်ထားပါကြောင်း။

ငလျင်ကြောပေါ်တွင် နေထိုင်သော မြန်မာနိုင်ငံသားများအနေဖြင့် ငလျင် သဘာဝဘေး အန္တရာယ် တုံ့ပြန်အသိပညာပေး နည်းပါးနေသည်ကို တေ့ွရှိရပါကြောင်း၊  ထို့ကြောင့် ကြိုတင် ပြင်ဆင်ထားသည့် ကောင်းမွန်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ ဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းများ ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်အတွက် မြေငလျင်မလှုပ်ခတ် မီနှင့် လှုတ်ခတ်နေစဉ်၊ လှုပ်ခတ်ပြီးအချိန်များမှာ မည်ကဲ့သို့ကြိုတင်လုပ်ဆောင်ရမည့် ပညာပေးရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ထားရှိမှုရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။