(ဃ)-လွိုင်ကော်မြို့နယ်တွင်ရှိသောဘီလူးချောင်း ကူးတံတား (သံတံတား)နှင့်ယှဉ်တွဲတည်ဆောက် ထားသော လူကူးတံတားငယ်အား ဖျက်သိမ်း၍ သံတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား (၂၄၀) ပေအား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးခင်မောင်ညို( လွိုင်ကော် မဲဆန္ဒနယ်)ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့သည် စည်ကားစွာတည်ရှိပြီး သီရိရတနာ တောင်ဈေးသည်လည်း လွိုင်ကော်မြို့ (၁၃) ရပ်ကွက်၏ အားကိုးရာ ဈေးတစ်ဈေးလည်းဖြစ်ပါကြောင်း၊ သံတံတားသည် ယာဉ်တစ်စီးသာ သွားလာနိုင်သည့်အတွက် တစ်စီးပြီးမှတစ်စီး စောင်‌့ဆိုင်းပြီးမှ သွားလာရမှုကြောင့် မော်တော်ယာဉ်ပိတ်ဆို့မှု၊ ဆိုင်ကယ်များပိတ်ဆို့မှု၊ တံတားနှင့် ဈေး၊ ဘဏ်များနီးကပ်စွာ တည်ရှိနေခြင်းတို့ကြောင့် လူ၊ ယာဉ်၊ ဆိုင်ကယ်သွားလာမှုတွင် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ လွိုင်ကော်မြို့၏ အချက်အချာကြသော လောပိတလမ်းသည်လည်း ညမပြတ်သွားလာမှု အများဆုံးလမ်းဖြစ်ပြီး သံတံတားသည် ကျဉ်းမြောင်းသဖြင့် သွားလာရေးတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ယင်းသံတံတား လောပိတလျှပ်စစ်ဓာတ်အားအတွက် အသုံးပြုခဲ့ရာမှ ယခုအချိန်တွင် အမှတ်(၁)၊ (၂)၊ (၃) စက်ရုံများ တည်ဆောက်ပြီးဖြစ်၍ မြန်မာနိုင်ငံတစ်နံတစ်လျားသို့ လျှပ်စစ်များပို့လွှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် သံတံတားကို နှစ်လမ်းသွားနိုင်ရန် သံတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား လူသွားလမ်းအပါအဝင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။