(ဂ)-ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့်ခင်အင်း ကြီး၊ ဘိုကုန်း၊ ဆားပြင် ကျေးရွာများသို့ဆက်သွယ် ထားသောလမ်းမကြီးအားမည်သည့်အချိန် တွင်ပြုပြင်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ဒေါက်တာ ခင်မောင်ဆွေ( ကျောက်တံခါးမဲဆန္ဒနယ်) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောကျွဲရိုင်းဒေသ ကမ္ဘောဇရပ်ကရပ်ကွက် ကမ္ဘောဇ စားသောက်ဆိုင်ဘေး ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် ခင်အင်းကြီး-ဘိုကုန်း-ဆားပြင်ကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းမသည် အရှည် ၅ မိုင် ၂ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ၄ ပေရှိပါကြောင်း၊ ၎င်းလမ်းမကြီးသည် မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ လမ်းချော်ခြင်းများ ဖြစ်ပေါ်နေပါသဖြင့် ၎င်းလမ်းမကြီးကို အသုံးပြု၍ နေ့စဉ်မှီခိုသွားလာနေရသော ပြည်သူလူထုနှင့် ကျောင်းသားကျောင်းသူများ မိုးတွင်းကာလတွင် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ၎င်းလမ်းမကြီးကို မှီခိုသွားလာနေရသော ကျေးရွာပေါင်း ၇၀၀၊ လူဦးရေ ၆၅၀၀ ကျော် အသုံးပြုနေရသော လမ်းဖြစ်ပါကြောင်း၊ ထိုလမ်းမကြီးမှ သွားလာမည်ဆိုပါက ရန်ကုန်-မန္တလေး လမ်းဟောင်း တောကျွဲရိုင်းမြို့မှ အမြန်လမ်းမကြီးသို့ အချိန်တို့အတွင်း ရောက်ရှိသွားနိုင်ပါကြောင်း၊ ယခုအခါ ထိုလမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်း သွားလာ၍မရဘဲ ပျက်စီးနေသည်ကို နိုင်ငံတော်မှ သိရှိမှု ရှိ/မရှိ၊ သိရှိပါက ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုပြင်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။