(င)-ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်စွန်းရှိ သင်းပုန်းတန်းကျွန်းနှင့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတို့ ဆက်သွယ်သော ကျေးရွာချင်းဆက် လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပုဏ္ဏားကျွန်းမြို့နယ်သည် မြောက်ဘက်တွင်တောင်ကုန်း၊ တောင်တန်းပေါများသော်လည်း အနောက်ဘက်နှင့် တောင် ဘက်တွင် မြစ်ဝမြေနုကျွန်းများပါကြောင်း၊ ထိုသင်းပုန်းတန်းကျွန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ သင်းပုန်းတန်းကျွန်းတွင် ကျေးရွာရှစ်ရွာရှိပါကြောင်း၊ ဒီကျေးရွာရှစ်ရွာ၏ လူဦးရေမှာလည်း ၁၀၀၀၀ နီးပါးရှိပါကြောင်း၊ မိုးတွင်းကာလများတွင် ရေကြောင်းလမ်းကိုသာ အသုံးပြုသွားလာရသည့် အတွက် စက်လှေနစ်မြုပ်မှုများ၊ အချိန်ကြန့်ကြာမှုနှင့် ခရီးစရိတ်ကုန်ကျမှု စသည့်အခက်အခဲများကို ကြုံတွေ့ရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်းဖြင့် အဆိုပါ ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ သင်းပုန်းတန်းကျွန်းသည် ကျွဲခြားကျေးရွာမှ ကံပြင်အထိ ၅ မိုင်ခန့် ရာသီမရွေးသွားနိုင်သည့် လမ်းကြမ်းရှိပြီးသားဖြစ်သည့်အတွက် ယခုဖောက်လုပ်နေသည့် ရသေ့တောင်- ပုဏ္ဏားကျွန်းလမ်းနှင့် နားဋောင်းကျကျေးရွာ၊ မိုးတိမ်ပြင်ကျေးရွာကို ဆက်သွယ်ပြီး ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းနှင့် ဆက်သွယ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။