(ခ)-ရွှေမင်းဝံရပ်ကွက်ရှိ မြေနေရာအကျယ်အဝန်းနှင့် တကွ ဆေးရုံအဆောက်အဦပါအသင့်ရှိပြီးဖြစ်သော လူနာ(၁၆)ခုတင်ဆံ့ ဒေသန္တရဆေးရုံကိုပြန်လည်ဖွင့် လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ဦးခင်မောင်သိန်း(စစ်ကိုင်း မဲဆန္ဒနယ်)စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ခုတင်(၁၆)လုံးဆံ့ ကိုယ်ထူကိုယ်ထ တည်ဆောကခဲ့သည့် ဆေးရုံကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်လှမြင့်ဆွေမှ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ဆေးရုံတည်နေရာမှာ ရွှေမင်းဝံရပ်ကွက်၊ ၂၁ လမ်း၊ ၂၅ x ၂၆ လမ်းကြားတွင်တည်ရှိပြီး တောင်မြောက်အရှည် ၁၂၀ ပေ၊ အရှေ့အနောက်အရှည် ၂၈၀ ပေရှိသော ဆေးရုံဝန်းမြေဧရိယာအတွင်း တည်ရှိပြီး (၁) ခုတင် (၁၆)လုံးဆံ့ဆေးရုံ၊ (၂)ဆေးရုံ ရုံးခန်း အဆောက်အဦတစ်လုံး၊ (၃) ဆရာဝန်နေရန် အဆောက်အဦတစ်လုံး၊ (၄) တာဝန်ကျသူနာပြုဆရာ/မများနေရန် နှစ်ခန်းတွဲတိုက်နှစ်လုံး စုစုပေါင်းအဆောက်အဦ ငါးလုံးရှိသည့် ဆေးရုံဖြစ်ပါကြောင်း၊ ရေမီးအပြည့်အစုံနှင့် တာဝန်ကျဆရာဝန်၊ သူနာပြုဆရာ/မများဖြင့် ကုသပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ကိုယ်ထူကိုယ်ထ ဆေးရုံဖြစ်သည့်အတွက် ၁၉၉၆ ခုနှစ်မှစပြီး ငွေကြေးအခက်အခဲကြောင့် ယနေ့အချိန်အထိ ဆေးရုံကို ဆက်လက်ဖွင့်လှစ်ကုသနိုင်ခြင်းမရှိတော့ပါကြောင်း၊ အဆိုပါ ဆေးရုံအား နိုင်ငံတော်စီမံချက်ဖြင့် ပြန်လည်ဖွင့်လှစ် ပေးနိုင်မည်ဆိုပါက အိမ်ခြေ ၁၅၀၀၊ လူဦးရေ ၅၀၀၀ ကျော်ရှိသည့် ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းစက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ နီလာဦး ရပ်ကွက်၊ တောင်ညိုကျေးရွာ၊ ရေကားကျေးရွာ၊ ကျောက်တာကျေးရွာမှ ပြည်သူများလည်း အချိန်နှင့်တပြေးညီ ဆေးဝါးကုသမှု ခံယူနိုင်ကြမည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ မြေနေရာအကျယ်အဝန်းနှင့်တကွ ဆေးရုံအဆောက်အဦများပါ အရန်သင့်၊ အဆင်သင့်ရှိပြီးဖြစ်သော (၁၆)ခုတင်ဆံ့ ဒေသန္တရဆေးရုံအား နိုင်ငံတော် စီမံချက်ဖြင့် ပြန်လည်ဖွင့် လှစ်၍ ပြည်သူများအား ဆေးကုသပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။