(က)-ကျေးလက်နေ တောင်သူသမားများလုပ်ငန်း ရာသီအချိန်တိုင်းပိုးထိသေဆုံးရခြင်းများကိုမည်သို့ ကာကွယ်ပေးရန်နှင့် ပြည်ပ အကူအညီများ ဖြင့်ကူ ညီထောက်ပံ့နေမှုများကိုမည်သို့စီမံခန့်ခွဲဆောင်ရွက် လျက်ရှိကြောင်းသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးလက်နေ တောင်သူလယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင် ပိုးထိခြင်းကြောင့် ကွယ်လွန်ရသည့် ဖြစ်စဉ်များ များပြားလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယခုအချိန်တွင် မြွေဆိပ်ဖြေဆေးများကို အလျင်မီစွာထုတ်လုပ်လာနိုင်ခြင်း၊ ပြည်ပအကူအညီများရရှိခြင်းတို့ကြောင့် ကုစားနိုင်ရန် အခွင့်အလမ်းများပွင့်လင်းလာသော်လည်း တောင်သူလယ်သမားများ၏ ဘဝ လုံခြုံရေးအတွက် ထိရောက်သောအကျိုးပြုစီမံချက်များဖြင့် ဆောင်ရွက်နိုင်ရန် ကိန်းဂဏန်းများ စိစစ်မှုကိုလည်း မှန်ကန်စေရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာန၊ ဆေးဝါး နှင့် စားသောက်ကုန်လုပ်ငန်း အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်)၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် မြွေဆိပ်ဖြေဆေးပုလင်းပေါင်း ၈၀၀၀၀ လုံး ထုတ်လုပ်မည့်စီမံချက်၌ နှစ်စဉ် မြွေပွေး ကိုက်ခံရမှုဖြစ်စဉ် ၁၀၀၀၀ ခန့်ရှိကြောင်းနှင့် နှစ်စဉ်ပျမ်းမျှ ၄၃၅ ဦးခန့်သေဆုံးလျက်ရှိကြောင်း ဖော်ပြထားသော်လည်း သြစတြေးလျနိုင်ငံ၊ Adelaide တက္ကသိုလ်၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂၀၀၀ ခန့်သည် မြွေကိုက်ခံရမှုကြောင့် သေဆုံးလျက်ရှိသည်ကို ကွဲပြာခြားနားစွာ လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကိန်းဂဏန်း များ၏ မြေပြင် အခြေအနေမှန်ကို မှန်ကန်စွာဖော်ထုတ်စီမံချက်ချမှတ်ရေးစေခြင်းဖြင့် မှန်ကန်သော ကိန်းဂဏန်းများအပေါ်တွင် အခြေခံပြု၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြွေကိုက်ခံရမှုဖြစ်စဉ် အနည်းအများအပေါ် အချိုးညီစွာကူညီပံ့ပိုးနိုင်ရန်အတွက်လည်း အရေးတကြီး လိုအပ်လျက်ရှိ သည်ကို သုံးသပ်ရရှိပါကြောင်း၊ ထို့ကြောင့် (၁) နှစ်စဉ်ဖြစ်ပွားလျက်ရှိသော ဒေသအလိုက် မြွေကိုက်လူနာများနှင့် ကွယ်လွန်သူများ၏ ကိန်းဂဏန်းမှန်ကန်စွာရရှိရေးအတွက် မည်ကဲ့သို့ စီစဉ်ထားရှိပါကြောင်းနှင့် လက်လှမ်းမမီသောဒေသမှ မြွေကိုက်ခံတောင်သူလယ်သမားများနှင့် အခြေခံလူတန်းစားများအတွက် နောက်ဆက်တွဲဖြစ်ပေါ်လျက်ရှိသော ဝေဒနာရှင်များအား ကုစား ပေးရန် မည်သို့သောအစီအစဉ်များရှိ/မရှိနှင့် (၃) ပြည်ပမှ ကူညီဆောင်ရွက်ပေးမည့် အလှူငွေ သို့မဟုတ် ဆေးဝါးပစ္စည်းများကို မည်ကဲ့သို့စနစ်တကျ စီမံထားရှိဆောင်ရွက်ထားပါကြောင်း မေးမြန်းပါသည်။