(ဆ)-လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဗဟိုဌာနမှ ဝန်ထမ်းများအား လေ့ကျင့်ပေးမှု ပြုသည်ဆိုပါလျှင် အဆင့်အတန်းအားလုံးအကျုံးဝင်မှုရှိ၊မရှိနှင့်နှစ်စဉ် မည်သို့သောအစီအမံများချမှတ်နေသည်နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-21

 

ဒုတိယဗိုလ်မှူးကြီးလှနိုင် (တပ်မတော်သားကိုယ်စားလှယ်) မိမိတို့ နိုင်ငံတွင်း စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောက် နေချိန်တွင် နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို လေ့ကျင့်ဆောင်ရွက်ပေးမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးရာတွင် နိုင်ငံခြားဘာသာစကားများ ကျွမ်းကျင်စွာ တတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ခြင်းသည် သိပ္ပံနည်းပညာနှင့် စီမံအုပ်ချုပ်မှု နယ်ပယ်များတွင် တစ်ဦးချင်း အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အတွက် သော်လည်းကောင်း အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဗဟိုဌာန ( Human Resource Development Centre) ကို ဖွင့်လှစ်ပြီး နိုင်ငံ့ဝန်ထမ်းများအတွက်  အင်္ဂလိပ်ဘာသာစကားကို အဓိကထားပြီး လေ့ကျင့်သင်ကြားပေးနေပါကြောင်း သိရှိရပါသည်။ ၎င်း ဘာသာစကားအပြင် အခြား နိုင်ငံခြားဘာသာ စကားများကိုလည်း ကျွမ်းကျင်မှုရှိအောင် မည့်သို့ လေ့ကျင့်သင်ကြားပေးနေပါသနည်း၊ ကွန်ပျူတာသင်တန်းများ ကိုလည်း လေ့ကျင့်သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိ၊ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးနေသည်ဆိုပါလျှင် အဆင့်အတန်း အားလုံးကို လေ့ကျင့်သင်ကြားပေးရန် နှစ်စဉ်မည်သို့သော အစီအမံများချမှတ်ပြီး လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုး တိုးတက်အောင် မည်သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။