(ဂ)-သိန္နီမြို့နယ်၊ဥယျာဉ်မှူး၊ပိန်းဆာ၊နားဆော့၊မိုင်း လီနှင့် ခမ်းတိန်း ကျေးရွာအုပ်စုများမှ ပြည်သူများ အတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီကူးပြောင်းရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချမှတ်ပြီး နယ်ပယ်အသီးသီးမှ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးဘဝ အဆောက်အအုံတစ်ခုလုံး တိုးတက်လာရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ပါး ပပျောက်ရေး အထောက်အကူဖြစ်စေရန်အတွက် မီးလင်းနိုင်ရေးသည် အဓိကကျလာပါကြောင်း၊ သိန္နီမြို့အတွင်း ကောင်းအောင်ကျေးရွာအုပ်စုနှင့် တပ်မတပ်ရင်းအားလုံးတို့သည် လျှပ်စစ်မီးများရရှိပြီး ပြည်သူများ အဆင်ပြေနေပါကြောင်း၊ ထိုကျေးရွာအုပ်စုနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသော ဥယျာဉ်မှူးကျေးရွာအုပ်စု၊ ပိန်းဆာကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုနှင့် ခမ်းတိန်းကျေးရွာအုပ်စုမှ ပြည်သူများသည်လည်း လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာသို့ တင်ပြပေးရန် တောင်းဆိုလာပါကြောင်း၊ သို့ဖြစ်ပါ၍ သိန္နီမြို့နယ်၊ ဥယျာဉ်မှူးကျေးရွာအုပ်စု၊ ပိန်းဆာကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုနှင့် ခမ်းတိန်းကျေးရွာအုပ်စုတို့မှ ပြည်သူများ လျှပ်စစ်မီး ရရှိရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်နှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို သိရှိလိုပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းရေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။