(ခ)ကွန်ဟိန်းမြို့နယ်၊ကုန်းပေါင်းရွာ၏နှစ်စဉ်နွေရာသီ .ရေပြတ်လပ်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ကွန်ဟိန်းမြို့နယ် ကုန်းပေါင်းရွာတွင် သောက်သုံရေလုံးဝပြတ်လပ်နေ၍ ရေသွယ် တန်းပေးပါရန် ပထမအကြိမ်ဒေါ်နန်းဝါနု (ကွန်ဟိန်း) အနေဖြင့် ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးထံသို့ နှုတ်ဖြင့် လည်းကောင်း၊ ၂၀-၅-၂၀၁၃ ရက်နေ့တွင် စာဖြင့်လည်းကောင်း၊ တတိယမြောက် ပထမအကြိမ် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့်လည်းကောင်း တင်ပြမေးမြန်းခဲ့ပါကြောင်း၊  ကွန်းဟိန်းမြို့နယ်၊ ကုန်းပေါင်ရွာသည် အိမ်ခြေ ၂၅၀ ကျော်နှင့် လူဦးရေ၂၅၀၀ ကျော်ခန့်ရှိပါကြောင်း၊ ၎င်းတို့ တစ်ရွာလုံးအတွက် တပ်ရင်း ၁၅၃ အထွက်မှ ရဲခန်းအနီးသို့ သွယ်တန်းထားသော သောက်သုံးရေသာ ရှိခြင်းကြောင့် တစ်ရွာလုံးအတွက် ရေလုံလောက်မှု မရှိပါကြောင်း၊  ရေလှောင်ကန် ၂ ခုသာရှိပြီး ရေတွင်းများတူးဖော်ပါသော်လည်း ရေမထွက်ခြင်း၊ တပ်ရင်း ၁၅၃မှ တစ်ရွာလုံးတွင်  စမ်းသပ် တူးဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်း တို့ကြောင့် ရေမလုံ‌လောက်မှုကို ဆိုးရွာစွာ ရင်ဆိုင်နေ ရကြောင်း၊ နွေရာသီ တွင် ရေများခမ်းခြောက်၍ ရေလုရသောကြောင့် ပြည်သူများမှာ တပ်မတော်နှင့်သော် လည်းကောင်း၊ ရဲများနှင့်သော် လည်းကောင်း ပြဿနာများစွာ ဖြစ်ပွားခဲ့သည်ကို ဖြေရှင်းပေးခဲ့ရခြင်း၊ ယခုအနေအထားတွင် လည်း ပြည်သူများသည် နွေရာသီတွင် ရေပိုက်မှရေများကို ပါးစပ်ဖြင့်စုတ်ယူ၍ ရေခပ်နေရခြင်း၊ ထော်လာဂျီများ၊ ကားများရှိသောအိမ်များသည် ၁၀ မိုင်ခန့် ဝေးကွာသော ရွာများသို့  ရေခပ်၍ ရသော်လည်း ရွာသားအများစုမှာ ထိုကဲ့သို့ မဖြစ်နိုင်သည့်အတွက် ရေရှားမှုဒဏ်ကို ဆိုးရွားကြုံတွေ့နေရပါကြောင်း၊  ၎င်းရွာ၏အရှေ့ဘက် ၇ မိုင် ခန့်ဝေးကွာသောနေရာတွင် နမ့်ဟွေလောဝ်(ခ)ရေတံခွန် အငယ်စားသည် တစ်ရွာလုံးအတွက် ရေလုံလောက်မှု ရှိပါသော်လည်း ရွာ၏အင်အားဖြင့် ရေသွယ်တန်းရန် မဖြစ်နိုင်သော ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံ အပ်ပါကြောင်း ဓာတ်ပုံနှင့်တကွ တင်ပြထားပါသော်လည်း မည်သည့်အကြောင်းအရာတစ်စုံတစ်ရာကိုမှ မကြားသိရသေးသည့်အတွက် ဒေသခံများ အနေဖြင့် အလွန်စိုးရိမ်ပူပန်နေလျက်ရှိပါကြောင်း၊ ပြည်သူများ၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာများက ရဲစခန်းအနီးရှိ ရေလှောင်ကန်ထဲသို့ရေသွင်းရန် ဆည်တည်ဆောက်ခဲ့သော် လည်း နွေရာသီတွင် ရေ လုံးဝ ပြတ်တောက်ခဲ့ပါကြောင်း၊ ထိုကြောင့် (က) ကွန်ဟိန်းမြို့နယ်၊ ကုန်းပေါင်းရွာ၏ နှစ်စဉ်နွေရာသီ တွင်သောက်သုံးရေ ပြတ်လပ်နေမှုကို ရွာသူရွာသားများ၏ ဆန္ဒအတိုင်း နမ့်ဟွေလောဝ် (ခ)ရေတံခွန် အငယ်စားလေးမှ ရေသွယ်တန်းပေးနိုင်ခြင်း ရှိ/မရှိ၊ (ခ) မသွယ်တန်းပေးနိုင်ပါက အဘယ်ကြောင့်နည်း။ (ဂ) ရေမသွယ်တန်းပေးနိုင်၍ နှစ်စဉ်နွေရာသီရောက်လျှင် သောက်သုံးရေလုံးဝပြတ်လပ်နေလေ့ရှိသော ကုန်းပေါက်ရွာကို နိုင်ငံတော်က မည်သို့ကူညီဖြည့်ဆည်းပေးနိုင်မည်နည်းတို့ကို သိရှိလိုကြောင်းမေးမြန်းပါသည်။