(င)သနပ်ပင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို ဆရာဦးရေ တိုးမြှင့်ပေးရန်၊ကျောင်းဆောင်သစ်များနှင့် တိုးချဲ့ကျောင်းဆောင်များ တည်ဆောက်ပေး ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ သနပ်ပင်မြို့နယ်တွင် အန္တရာယ်ရှိသောကျောင်းဆောင် ၁၁ ဆောင်အနက် ၇ ဆောင်ကို ဖျက်သိမ်းခဲ့ပြီး တိုးချဲ့ဆောက်လုပ်ရန် ေ
ကျာင်းဆောင် ၂၂ ကျောင်း တင်ပြထားသည်တွင် ၄ ဆောင်သာ ဆောက်လုပ်ခွင့် ပေးသည်မှာ အလွန်ပင် နည်းပါးပါကြောင်း၊ပထမဦးစွာ ကျောင်းသားနှင့် ဆရာအချိုး မညီသော ကျောင်းပေါင်း ၁၆ ကျောင်းအပြင် ထပ်မံ၍ ကျောင်း ၁၈ ကျောင်း ကို ဖြည့်စွက် တင်ပြထားခဲ့ပါသော်လည်း ယခုအချိန်ထိ ထူးခြား ပြောင်းလဲမှုမရှိဘဲ အခြေခံကျောင်းအားလုံးအတွက် ဆရာ လိုအပ်ချက်သည် ၂၇၆ ဦးလို အပ်ဆဲဖြစ်ပါကြောင်း၊ ဤမေးခွန်း မေးမြန်း တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သနပ်ပင်မြို့နယ်ကို ပမာပြုပြီး နိုင်ငံ တဝှမ်းရှိ အခြေခံပညာရေး အခြေအနေကို ပြန်လည် သုံးသပ်ဖြည့် ဆည်း ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကျေးတောရွာရှိ ကလေးများ သည် လမ်းပန်းဆက် သွယ်မှု ခက်ခဲခြင်းနှင့် မိဘများ ဆင်းရဲကြပ် တည်းကြခြင်းတို့ကြောင့် မူလတန်းပြီးလျှင် ကျောင်းပြီး သွားကြသည်မှာများပြီး အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသားဦးရေအင်အားမှာ ၁၀၀ မှ ၃၀၀ ခန့်အထိရှိကာ ဆရာအင်အား အနေဖြင့် ၁ ဦးမှ ၃ ဦးခန့်သာရှိပါကြောင်း၊
ထို့ကြောင့် တောရွာက ကလေးများ၏ အခြေခံပညာရေး Foundationသည် ဆရာအင်အား မလုံလောက်ခြင်းဖြင့်ပင် ယိုင်နဲ့ ကျိုးပျက်နေပြီး အခြေမခိုင်ခဲ့သောကျောင်းသားများကို တက္ကသိုလ်ဝင်တန်း အောင်မြင်အောင် သင်ကြားရသည့် ဆရာ ဆရာမများ၏ သောက၊ ဒုက္ခများ၊ အန္တရာယ်ရှိလျက်နှင့်ပင် စိုးရိမ်စွာ စာသင်နေကြရသော ကျောင်းသားများ၊ ကျောင်းသားနှင့် ကျောင်းဆောင်မမျှခြင်း၊ စာသင်ခုံမလုံလောက်ခြင်း တို့ကြောင့် ရာချီသော ကျောင်းသားများသည် တစ်ဆောင်တည်းတွင် ပြွတ်သိပ်၍လည်းကောင်း၊ တမံသလင်းတွင် ဖင်ထိုင်လည်းကောင်း၊ သင်ထောက်ကူ ပစ္စည်းများ မပြည့်စုံ၊ မလုံလောက်ခြင်း စသည့် အခြေအနေများအောက်တွင် စာတတ်မြောက်အောင်သင်ကြားရန် စာသင်သားဗဟိုပြု သင်ကြားနည်း စနစ်ပြောင်းရန်ဆိုသည်မှာ အိမ်မက်ပင် ခက်ခဲလှပါကြောင်း၊ ဤကဲ့သို့ ကျောင်သားများ စာအပေါ်တွင် စိတ်ဝင်စားမှုနည်းစေခြင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသားများကို ကြပ်မတ်နိုင်ရန် ခက်ခဲခြင်း၊ ကျန်းမာရေးအရ စိုးရိမ်စရာ အခြေအနေများကို တွေ့ရခြင်းတို့ကြောင့် သနပ်ပင်မြို့နယ်အတွင်းရှိ ကျောင်းသားဦးရေနှင့် ဆရာအချိုးမညီမျှသော အခြေခံပညာကျောင်းများအား စိစစ်၍ ၂၀၁၃-၁၄ ပညာသင်နှစ်အမီ ဆရာဦးရေတိုးမြှင့် ဆောင်ရွက်ပေးရန်၊ အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အမြန်ဆုံးပြန်လည် တည်ဆောက်ပေး ရန်နှင့် ကျောင်းသား ဦးရေနှင့် ကျောင်းဆောင်မမျှတသော ကျောင်းများတွင်လည်း တိုးချဲ့ကျောင်းဆောင်များ အမြန်ဆုံး တည်ဆောက်ပေးပါရန် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။