(ဂ)မြို့နယ်ကို အခြေခံခြင်းထက် ဝန်ထမ်းများ ခက်ခဲ ကြမ်းတမ်းစွာတာဝန်ထမ်းဆောင်နေ ကြရသော ကျေးရွာများကိုဝေးလံခေါင်သီဒေသ အဖြစ်သတ်မှတ်ပြီးလစာ(၂)ဆခံစားခွင့်ရှိဒေသ အဖြစ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီးနောက် အစိုးရသစ်လက်ထက် ၂ နှစ်တာ ကာလအတွင်း ဝန်ထမ်းများ၏ လစာနှင့်
ထောက်ပံ့ကြေး ၅၀၀၀၀ ကျပ်စီ တိုးမြှင့်ပေးခဲ့မှုနှင့် ဝေးလံခေါင်သီမြို့နယ်များမှ ဝန်ထမ်းများအားလစာ ၂ ဆ တိုးမြှင့် ပေးခဲ့မှုများကို များစွာကြိုဆိုထောက်ခံပါကြောင်း၊ သို့သော် မိမိအနေဖြင့် မည်သည့်အခြေအနေ အခက်အခဲ မျိုးရှိသည့်မြို့နယ်များကို ဝေးလံခေါင် သီမြို့နယ်များ အဖြစ် သတ်မှတ်ပြီး လစာ ၂ ဆခံစားခွင့်ရရှိသည်ကို သိလို ပါကြောင်း၊ လမ်းပန်းဆက်သွယ်မှု အခက်အခဲ၊ ၂၄ နာရီမီးရရှိမှု/ မရရှိမှု၊ တယ်လီဖုန်းဆက်သွယ်ရေးစနစ်၊ တစ်ဦးချင်း ဝင်ငွေ သတ်မှတ်ချက် စသည်တို့တွင် မည်သည့် အချက်များအပေါ် မူတည်သည်ကိုလည်းကောင်း၊ ပုံမှန်လစာရသော မြို့နယ်များနှင့် ဝေးလံခေါင်သီသော မြို့နယ်အဖြစ် သတ်မှတ်ခံရပြီး လစာ ၂ ဆရရှိသောမြို့နယ်များသည် မည်ကဲ့သို့ ကွာခြား ချက်ရှိသည်ကို လည်းကောင်းသိရှိလိုပါသည်။ မိမိတို့ဝန်းသိုမြို့နယ်၏ ဝန်ထမ်းများ သည် ပုံမှန်လစာသာ ခံစားခွင့် ရှိသော မြို့နယ်ဖြစ်သော်လည်း ဝေးလံခေါင်သီမြို့နယ်များအဖြစ် သတ်မှတ်ခံရသည့် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူး မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့်အပြင် ၂၄ နာရီမီးလင်းမှု၊ ဆက်သွယ်ရေးအခြေအနေ၊ တစ်ဦးချင်းဝင်ငွေ စသည့်အချက်များလည်း တူညီမူရှိပါသည်။
မိမိတို့မြို့နယ်မှ ဝန်ထမ်းများသည် ပုံမှန်လစာသာရပြီး ဝေးလံခေါင်သီမြို့နယ်အဖြစ် သတ်မှတ်ခံရသော မြို့နယ်၏ ဝန်ထမ်းများထက် တောင်ပေါ်ဒေသ၊ ကျေးလက်ရွာများတွင်လည်းကောင်း၊ မြို့နှင့်ဝေးကွာလှသည့် ရွာလေးများတွင် နယ်နိမိတ်ချင်းဆက်စပ်နေသည့် လစာ ၂ ဆရသည့် မြို့နယ်များနည်းတူ ချောင်း၊ မြောင်းနှင့် လယ်ကွက်ကလေးများ သာခြားပြီး ခံစားခွင့်မတူညီစွာဖြင့် တာဝန်ထမ်ဆောင်နေကြပါသည်။ ထို့ကြောင့် မြို့နယ်ကိုအခြေခံခြင်းထက် မြို့နယ်အလိုက် ခက်ခဲသည့်ကျေးရွာများကို ဝေးလံခေါင်သီဒေသအဖြစ် သတ်မှတ်ပြီး လစာ ၂ ဆ ခံစားခွင့် ရှိသော ဒေသအဖြစ်၊ သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။