(က)ရွာပုန်းကရင်တိုင်းရင်းသားများအားအထူး အစီအစဉ်ဖြင့်သန်းခေါင်စာရင်းစိစစ်ရေးကတ်ပြားပြု လုပ်ပေးခြင်း၊စားနပ်ရိက္ခာ၊လူသုံးပစ္စည်းထောက် ပံ့ပေးခြင်း၊ လမ်းပန်းအဆက်အသွယ်၊ဆေးခန်း၊ စာသင်ကျောင်းနှင့်ရေရှည်စားဝတ်နေရေးအတွက် စီမံပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ်သည် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ခန့်အတွင်းတွင် နယ်မြေ အေးချမ်းသာယာမှုမရှိခဲ့သောကြောင့် မြို့နယ်၏ စုစုပေါင်းအကျယ်အဝန်း စတုရန်းမိုင် ၇၈၀ အနက် စတုရန်းမိုင် ၂၀၀ ခန့်သာ တရားဝင်လက်ရှိအခြေချ နေထိုင်လျက်ရှိပါကြောင်း၊ တောင်ပေါ်ဒေသစတုရန်းမိုင် ၅၀၀ ခန့်တွင် မူသဲကျေးရွာအုပ်စု တစ်စုမှအပ ကျေးရွာအုပ်စု ၁၂ စု၊ ကျေးရွာ ၅၆ ရွာတို့သည် လက်ရှိပြည်ထဲရေးဝန်ကြီးဌာနတွင် အမည် ပေါက်နေ သော်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ခန့်အထိ လမ်းပန်းအဆက်အသွယ်များ ပြတ်ကာ ရွာပုန်းများအဖြစ်တည်ရှိနေပြီး လူများ တရားဝင် နေထိုင်ခြင်းမရှိတော့ဘဲ၊ ဥယျာဉ်စိုက်ခင်း၊ လမ်းပန်းအဆက်အသွယ်၊ လယ်ယာစိုက်ခင်းများ ပျောက် ကွယ်ခဲ့ ရသည့်အပြင် အရှေ့ရိုးမတောင်ပေါ်ရှိ သွေးကျဲကရင် တိုင်းရင်းသား ခန့်မှန်းခြေ ၃၀၀၀ ခန့်သည် လူ့သက်တမ်း ၂ ဆက်ခန့် တွင် အုပ်ချုပ်ရေး ယန္တရားနှင့် အဆက်ပြတ်ပြီး စာသင်ကျောင်း၊ ဆေးခန်း၊ လမ်းပန်းအဆက်အသွယ်၊ လူဦးရေ စာရင်း၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ မရှိကာ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က အနိမ့်ကျဆုံး အချိန်ဖြစ်ပေါ်လျက် ရှိပါကြောင်း၊
၁၉၁၉ ခုနှစ်တွင် အိန္ဒိယရေအားလျှပ်စစ်စူးစမ်းလေ့လာရေး အင်ဂျင်နီယာချုပ် J.W. ၏တာဝန်ပေးချက် အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ရရှိနိုင်သော ရေအရင်းအမြစ်ကိုဖော်ထုတ်ရာတွင် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ် ထုတ်လုပ်နိုင်သည့်နေရာပေါင်း ၁၃၇ နေရာကို တိုင်းတာရရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၁၃၂၃ ခုနှစ် အစီရင်ခံစာအရ Hydro Electric Power Project အဖြစ် ဘောပဒါရေအားလျှပ်စစ်စီမံကိန်းကြီးကို ပထမဆုံးဖော်ထုတ်ရေးဆွဲ အစီရင်ခံခဲ့ကြောင်းနှင့် မိုင် ၁၂၀ ခန့်ဝေးသော မြို့တော်ရန်ကုန်ကို လျှပ်စစ်ဓာတ်အားပေး ရန်အတွက် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ်တွင် စီမံကိန်းကို ၁၈၀ မဂ္ဂါဝပ်၊ ကီလိုဝပ်နာရီသန်းပေါင်း ၆၀၀ ထုတ်လုပ်ရန် ပြန်လည်စမ်းစစ်ပြီး လွတ်လပ်ရေးမရမီ ၁ နှစ်အလို ၁၉၄၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်ဟု သိရှိခဲ့ရပါကြောင်း။
၁၉၄၈ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့တော် Uninstall အင်ဂျင်နီယာချုပ်ဖြစ်တဲ့ ဦးမောင်အေးဦးစီးသော အဖွဲ့နှင့် လုပ်သားများသည် ဘောပဒါရေအားလျှပ်စစ်ကို စတင်အကောင်အထည်ဖော်ချိန်တွင် KNDO များ လက်အောက်သို့ ကျရောက်ခဲ့ပြီး အင်ဂျင်နီယာချုပ် ဦးမောင်အေးနှင့် လုပ်သား အင်အား ၄၀၀ ကျော်သည် စက်ကိရိယာများ၊ ဖောက်ခွဲရေးမိုင်းများနှင့်အတူ KNDO များ၏ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း၊ ယင်းဘောပဒါ စီမံကိန်း၏ ကံကြမ္မာနှင့်အတူ တောင်ပေါ်ကျေးရွာအုပ်စု ၁၂ အုပ်စုနှင့် ကျေးရွာ ၅၆ ရွာသည်လည်း ရွာပုန်းများအဖြစ်နှင့် အဆက် အသွယ်ပြတ်နေသော အခြေအနေရှိပါကြောင်း၊ ယခုအခါတွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ခဲ့ပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပအလှူရှင်အဖွဲ့အစည်းများ၏ အကူအညီနှင့် ကျောက်ကြီး Pilot Project ရေးဆွဲပြီးတော့ KIDKP ခေါ် Committee for Internality Displace given People အဖွဲ့အစည်းက တောင်ပေါ်ရွာပုန်းဒေသနေ ကရင်တိုင်းရင်းသာ ၁၅၈၅ ဦးအတွက် စားနပ်ရိက္ခာ၊ လူသုံးပစ္စည်း၊ ဆေးဝါး၊ ကျောင်းသုံး ပစ္စည်းများ ဖြန့်ဖြူးပေးလျက်ရှိပြီး ပဲခူတိုင်းဒေသကြီး အစိုးရအစီအစဉ်နှင့်လည်း စားနပ်ရိက္ခာ၊လူသုံးပစ္စည်းများကို လမ်းပန်း အဆက်အသွယ် အထူးခက်ခဲစွာဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါကြောင်း၊ သို့သော် အလွန် ဆင်းရဲချို့တဲ့စွာ ရွာပုန်းများအဖြစ် တောကြိုတောင်ကြား များမှာ နေထိုင် ရဆဲဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘတ်ဂျက်တွင်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး ဘောပဒါစီမံကိန်းကိုလည်း ငြိမ်းချမ်းရေးပြန်လည် အခြေအနေ ကောင်းလာတာသည်နှင့်အမျှ ကျပ်သန်းပေါင်း ၁၈၀၀၀၀ ကျော်ခန့် လျာထားပြီး ပြန်လည် စတင်မည့် အခြေအနေကိုလည်း ဘတ်ဂျက်ထဲတွင် တွေ့ရှိ ရပါကြောင်း၊
ထို့ကြောင့် ကျောက်ကြီးမြို့နယ်တောင်ပေါ်ဒေသတွင်ရှိသော ရွာပုန်းကရင်တိုင်းရင်းသားများသည် လက်ရှိအနေ အထားတွင် နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားနှင့်အဆက်ပြတ်ပြီး အဘက်ဘက်က ချို့တဲ့သော ရွာပုန်းများ အဖြစ် ရောက်ရှိနေသည်ကို နိုင်ငံတော်အစိုးရမှ အသေးစိတ်သိရှိ/မရှိနှင့် အသေးစိတ်သိရှိပါက လိုအပ်သော လမ်းပန်းအဆက် အသွယ်နှင့် လူမှုရေး အခြေခံ၍ ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက် ကျေးရွာများ ကို ပြန်လည် တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအခြေအနေပေါ်မူတည်ပြီး ဆက်လက် တည်ဆောက်အကောင်အထည်ဖော်ပံ့ပိုးသွားရန် အစီ အစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။