(င)ကျိုင်းတုံ မြို့နယ်အတွင်းရှိ ပန်ဝိုင်အောက်ရွာနှင့် ရွာသစ်တို့တွင် ရွာမြေဧရိယာ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေ ဧရိယာကို ပိုမို ကျယ်ဝန်းစွာ သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျိုင်းတုံမြို့နယ်အတွင်းရှိ ပန်ဝိုင်အောက်ရွာနှင့် လွယ်မွေရွာသစ်တို့သည် လွယ်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ ကြိုးဝိုင်းတော၊ ကြိုးပြင်တော အတွင်း ကျူးကျော် ရွာများအဖြစ်သတ်မှတ်ပြီး ၎င်းရွာများကို မူလနေရာမှာပင် ပြန်လည်နေရာချ ထားကြောင်း ရွာနယ် နိမိတ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ထိုသို့ ရွာနယ် နိမိတ်အဖြစ် သတ်မှတ်သည့်နေရာတွင် လက်ရှိ နေထိုင်ဆဲ၊ လုပ်ကိုင် ဆဲလယ်မြေများ၊ အိမ်များကိုတိုင်းတာပြီး သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည့် အတွက် ထပ်မံ တိုးပွားလာသော အိမ်ထောင်စုအတွက် မြေနေရာများ မရှိတော့ခြင်းကို ကြားသိရပါကြောင်း၊ ကျူးကျော်ရွာအဖြစ်သတ်မှတ်ခြင်းခံရသည့် ပန်ဝိုင်အောက် ရွာဆိုပါက ခေတ်အဆက်ဆက် ကာကွယ်ရေး တပ်ဖွဲ့၊ သောင်းကျန်းသူ ဆန့်ကျင်ရေးတပ်ဖွဲ့၊ ပြည်သူ့ စစ်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် ပြည်တွင်း ရန်၊ ပြည်ပရန်များကို ရွံ့ရွံ့ချွန်ချွန်ကာကွယ်ရင်း တပ်မတော်၏ လက်အောက်၌ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့သော ရွာဖြစ်သည့်အပြင် နှစ် ၁၀၀ ကျော်ကပင် ရွာတည်ထားခြင်းလည်းဖြစ်ကြောင်း။ လွယ်မွေရွာသစ်သည်လည်း ယခင် လွယ်မွေတပ်ရင်းမှူး ၂၂၆ တပ်ရင်း မှူးဖြစ်သော ဗိုလ်ချုပ်ကြီး စိုးဝင်း၏ လက်ထက်တွင် လွယ်မွေ အ.ထ.က ကျောင်းကို တည်ဆောက်စဉ် လွယ်မွေ အ.ထ.က ကျောင်းစီမံချက်နှင့်အညီ ရွာကို တည်ဆောက်ခဲ့ကြောင်းများကို သိရှိရပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များ၊ ရပိုင်ခွင့်များကို ဆက်ခံသည်ဟု ပြဋ္ဌာန်း ထားခြင်းကြောင့် မိမိတို့အနေဖြင့် ဆက်လက် တာဝန်ခံရ မည်ဖြစ်ပါကြောင်း၊ ကျေးရွာရှိ အိမ်ထောင်တစ်စုရှိ သားသမီး သုံးလေးဦးမှ အိမ်ထောင်ခွဲအဖြစ် အိမ်ဆောက် လုပ်ရန် မြေနေရာမရှိတော့ခြင်းများကြောင့်လည်း ၎င်းတို့၏ နေထိုင်ရေးအတွက် ခက်ခဲခြင်း၊ တိုးပွားလာသော မိသားစုများ၏ စိုက်ပျိုးစားသောက်ရေးအတွက် ဥယျာဉ်ခြံမြေများ မရှိတော့ဘဲ ဆင်းရဲ နွမ်းပါမှု လျော့ ချရေးတွင်လည်း အခက် အခဲဖြစ်နေခြင်း၊ တောင်ပေါ်ဒေသရှိမြေများသည်လည်း မြို့မြေနှင့်မတူ တောင်စောင်းများ၊ လျိုများ၊ ကျောက်တုံးများနှင့် ပြည့်နေခြင်း တို့ကြောင့် ကပ်လျက် အိမ်ဆောက်ရန် မဖြစ်နိုင်ပါကြောင်း၊ ၎င်းရွာများကို ဖွဲ့စည်းတည်ဆောက်ရာတွင် ရွာနယ်နိမိတ်၊ ဥယျာဉ်၊ ခြံမြေနှင့် စားကျက်မြေများ အလွန်နည်းပါးသောကြောင့် ရွာ၊ ဥယျဉ်၊ ခြံမြေတို့နှင့် တစ်ဆက်တည်း ထိစပ်လျက်ရှိသော ကြိုးဝိုင်းတော၊ ကြိုးပြင်တော အချို့ကို ထပ်မံပယ်ဖျက်ပေးပြီး ရွာမြေဧရိယာ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေဧရိယာကို ပိုမိုကျယ်ဝန်းစွာ သတ်မှတ်ပေးနိုင်ြ ခင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို လည်းကောင်း၊ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့် အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကိုလည်း သိရှိ လိုပါကြောင်း မေးမြန်းပါသည်။