ပင်စင်စားဝန်ထမ်းများသည်ပင်စင်လဲလှယ် ခွင့်နှစ်စေ့ရောက်ပြီးကာလ၌မူလပင်စင်လစာများ ကိုပြန်လည်ခံစားခွင့်နှင့် နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံ ပြီးသောဝန်ထမ်းများ၏ပင်စင်လစာခံစားခွင့်ကို ပြန် လည်လျှောက်ထားခွင့် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
ပင်စင်လစာရ ဝန်ထမ်းအချို့သည် မိမိတို့ခံစားခွင့်ရှိသည့် ပင်စင်လစာ၏ ၅၀ ရာခိုင်နှုန်းကို တစ်လုံးတည်း ပင်စင်အဖြစ် လဲလှယ်ရန် လျှောက်ထားပြီး ပင်စင် ဦးစီးဌာန၏ ခွင့်ပြုချက်နှင့် တစ်လုံးတည်းပင်စင်ကို ခံစားခွင့်ရရှိခဲ့ကြပါကြောင်း၊ ယခု အချိန်တွင် အဆိုပါဝန်ထမ်းများသည် မိမိတို့လဲလှယ်ခဲ့သည့် တစ်လုံးတည်း ပင်စင်သက်တမ်း အဆင့်ရောက်နေပြီဖြစ်သဖြင့် ၎င်းတို့၏ မူလ လစာသို့ပြန်လည် ခံစားခွင့်ရှိ/မရှိကို သိရှိလိုကြောင်း၊ ပင်စင်လဲလှယ်စဉ်က ၃၅ ကျပ်နှုန်း နှင့် လဲလှယ် ခဲ့သည့် ပင်စင်လစာများသည် ယခုအချိန်တွင် နိုင်ငံတော်အစိုးရ၏ ပင်စင်လစာနှင့် လစာများကို တိုးမြှင့်ပေးခဲ့သည့်အတွက် ၎င်းတို့ရရှိသည့် ပင်စင်လစာများနှင့် လစာ၏ထက်ဝက် သည် သောင်းဂဏန်း အထက်ပင် နှုတ်ယူခြင်းခံနေခဲ့ရပါကြောင်း။
ပင်စင်စားဝန်ထမ်းတစ်ဦးမှ ၎င်းရောင်းချထားသည် တစ်လုံးတည်းပင်စင်ကို ပြန်လည်၍ ရောင်းချနိုင်ခွင့်ရှိသည် ဆိုလျှင် ပြန်လည်ရောင်းချလိုသော် လက်ရှိလစာသည် ရောင်းချခဲ့စဉ်ကထက် အဆပေါင်းများစွာ နှုတ်ယူခြင်း ခံနေရသဖြင့် များစွာနစ်နာခဲ့ကြောင်း၊ တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ရရှိပြီး လဲလှယ်ခဲ့သည့်နှစ်ကာလ၊ ဆိုက်ရောက်ပြီးကာလတွင် အဆိုပါဝန်ထမ်းများသည် မိမိတို့၏ မူလလစာသို့ ပြန်လည်၍ခံစားခွင့်ရှိ/မရှိ၊ ထို့အပြင် နိုင်ငံရေးအရယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ချခံပြီး ပြန်လည် လွတ်မြောက်လာသည့် ပင်စင်စားဝန်ထမ်း အချို့မှ ၎င်းတို့ ဆုံးရှုံးနစ်နာခဲ့သည့် ပင်စင်လာစာများကို ပြန်လည်၍ ခံစားခွင့် ရှိ/မရှိနှင့် မရှိပါကလည်း အဘယ်ကြောင့် ဆိုသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။