(ဃ)-ဒီပဲယင်းမြို့နယ်၊ ဆပ်လူးပိတ်ချင်းတော အလယ်တန်းကျောင်းတွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့သော ၁၇၀ပေ_၃၀ပေ_၁၂ပေ ရှိ ကျောင်းဆောင်အတွက် လိုအပ်သော ရန်ပုံငွေကို ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဒီပဲယင်းမြို့နယ်၏ အနောက်တောင်ဘက်စွန်းမြို့နှင့် မိုင် ၃၀ ကျော်အကွာအဝေးတွင် ရှိပါကြောင်း၊ မိဘပြည်သူများက လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အလယ်တန်းကျောင်းအဆင့် မျှော်မှန်းပြီး ဆောက်ခဲ့သည့် ကျောင်းဆောင်ဖြစ်ပါကြောင်း၊ ယခုခြောက်နှစ်ကျော် ကြာမြင့်ခဲ့သည့်အတွက် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအဖြစ်လည်း တိုးမြှင့်ပေးလိုက်ပါကြောင်း၊ ကျောင်းသား/သူအားလုံးလည်း ၄၀၀ ကျော် ရှိပါကြောင်း၊ သို့သော်လည်း ယခင် (၄၀ ပေ x ၂၄ ပေ x အမြင့် ၁၂ ပေ) ရှိသည့် သွပ်မိုးကျောင်းဆောင်ကလည်း ပြည်သူလူထု၏ ထည့်ဝင်ငွေဖြင့် ဆောက်ခဲ့ရပါကြောင်း၊ ကျေးရွာနေ ပြည်သူလူထုက သူတို့၏အဓိကဝင်ငွေက ပဲစင်းငုံနှင့်ဇီး စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ ထိုထွက်ကုန် နှစ်မျိုးလုံးသည် နှစ်စဉ်ဆက်တိုက် ဈေးကွက်ပျက်သွားခဲ့သည့်အတွက် ကျေးရွာနေလယ်သမားများ အားလုံး စီးပွားရေး အခက်အခဲ ရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်၏ ကျန်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည် မဟုတ်ပါကြောင်း၊ နိုင်ငံတော်ကို အားကိုးတကြီး တင်ပြတောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၆ နှစ်ကြာသည်အထိ ကူညီထောက်ပံ့ မပေးခဲ့သည်ကို လေ့လာကြည့်လျှင် ဌာန၏ Design နှင့်မကိုက်သည့်အတွက် မပေးသည်ကို သိရပါကြောင်း၊
မြို့နယ်ပညာရေးဌာနကို လေ့လာကြည့်သည့်အခါ Estimate များ၊ ကန်ထရိုက်စာချုပ်များကို မိတ္တူပေးပါဟု တောင်းဆို မေတ္တာရပ်ခံခဲ့ဖူးပါကြောင်း၊ တစ်နှစ်မှလည်း မရခဲ့ပါကြောင်း၊ သို့သော် ဒီနှစ်မှာ ကျောင်းဆောက်သည့် ကုမ္ပဏီတစ်ခုက ၁၀၀ ရာခိုင်နှုန်းပြီးစီးကြောင်း လာရောက်စစ်ဆေးပေးပါဟု တောင်းဆိုပါကြောင်း၊ ဘာကိုစစ်ရမည်ဆိုတာကိုလည်း မိမိမှမသိရှိရသည့် အတွေ့အကြုံအား တင်ပြရခြင်းဖြစ်ပါသည်။ ဆပ်လူးပိတ်ချင်းတော ကျောင်းဆောင်များကို မိမိတို့မြို့နယ်တွင်ရှိသည့် နဂါးဘို၊ လက်လှုပ်ရွာတို့တွင်ရှိသည့် ကျောင်းဆောင်များ ဖြစ်ပါကြောင်း၊ ထိုကျောင်းဆောင်များလည်း ပြည်သူလူထု ထည့်ဝင်ငွေများနှင့် ဆောက်ခြင်းဖြစ်သော်လည်း မိမိတို့မှာ အများကြီးအခက်အခဲရှိသည့်အတွက် လိုအပ်ချက်များ များပါကြောင်း၊ နိုင်ငံတော်ကပံ့ပိုးမှသာ ကျောင်းသား/သူများအတွက် အခက်အခဲမရှိမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆပ်လူးပိတ်ချင်းတောကျေးရွာ မိဘပြည်သူများ၏ စွမ်းအားကို ဖြည့်ဆည်းဆောင်ရွက်သည့် အနေဖြင့် ကွင်းဆင်းကြည့်ရှုပြီး ပြန်လည် တွက်ချက်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။