ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၁၈ ခုနှစ် ၊ မေလ ၁၄ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ ) ဦးအနက် ( ၃၉၀ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ များကို လွှတ်တော်က မှတ်တမ်းတင်ခြင်း -
(၁) ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Nguyen Thi Kim Ngan ထံမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၂) လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mrs. Pany YOTHOTOU ထံမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ပေးပို့ လာသော သဝဏ်လွှာ၊
(၃) ဆားဘီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mrs.Maja Gojkovic ထံမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၄) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr.Li Zhanshu ထံမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၅) အာဆီယံပါလီမန်များဆိုင်ရာ ညီလာခံ (AIPA) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr.Isra Sunthornvut ထံမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၆) အယ်လ်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီးရီးယားအမျိုးသား ပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ H.E.Mr.Said Bouhadja ထံမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ပေးပို့လာ သော သဝဏ်လွှာ၊
(၇) ဂျပန်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr.Tadamori Oshima ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၈) ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Chung Sye - Kyun ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၉) ပါလီမန်များဆိုင်ရာအဖွဲ့ (IPU)၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၀) ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vladimir Andreichenko ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၁) ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Vyacheslav Volodin ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၂) အိန္ဒိယနိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mrs. Sumitra Mahajian ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၃) တူရကီနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Ismail KAHRAMAN ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၄) စင်္ကာပူသမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Tan Chuan-Jin ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၅) ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech Akka Moha Ponhea Chakrei HENG SAMRIN ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၆) ဖိလစ်ပိုင်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Pantaleon D.Alvarez ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(၁၇) လူဇင်ဘတ်နိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Mars Di Bartolomeo ထံမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊
(ခ) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်မှ မေးမြန်းသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ် များတွင် COE (Centre of Excellent) ကျောင်းများ ဖွင့်လှစ်ထားရှိရာ ၎င်း တက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြားတက္ကသိုလ် များမှ ရရှိသောဘွဲ့နှင့် မည်သို့ကွာခြားမှု ရှိသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ရာထူးနေရာ များသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှရရှိသော ဘွဲ့နှင့်အခြား ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များမှ ရရှိသောဘွဲ့ဟူ၍ ခွဲခြားသတ်မှတ်ဖော်ပြ၍ ခေါ်ယူခြင်းမရှိပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်မှရရှိသည့် ရိုးရိုးဘွဲ့ဒီဂရီ အမျိုး အစားများသည် အခြားဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပေးအပ်ချီးမြှင့်လျက်ရှိသည့် ဘွဲ့များနှင့်အတူတူဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်မှ မေးမြန်းသော မက်မန်းမြို့နယ် ပညာရေးမှူး ရုံးအား မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင်ပညာရေး မှူးရုံး ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ။ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မက်မန်းမြို့နယ်အား ကျိုင်းတုံခရိုင် ဖွဲ့စည်းပုံတွင် ပြင်ဆင်ထည့်သွင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ်မှ မေးမြန်းသော တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရသည့် ထောက်ခံစာများအနက် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ ထောက်ခံစာကို ပယ်ဖျက် ပေးရန် အစီအစဉ် ရှိ။မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများမှစ၍ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များ၏ စာမျက်နှာ (၂)မှာ အဆိုပါ ထောက်ခံစာများ ပူးတွဲတင်ပြရမည်ဟု ထည့်သွင်းဖော်ပြ သတ်မှတ် ထားမှု မရှိတော့ပါကြောင်းနှင့် မနှစ်က ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် စာအုပ်၏ စာမျက်နှာ(၁)မှာလည်း ထောက်ခံစာတင်ပြရမည်ဟု ထည့်သွင်း ဖော်ပြထားခြင်းမရှိတော့ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဝင်းမြင့်အောင်၊ ဒီပဲယင်းမဲဆန္ဒနယ်မှ မေးမြန်းသော ဒီပဲယင်းမြို့နယ်၊ ဆပ်လူး ပိတ်ချင်းတော အလယ်တန်းကျောင်းတွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့သော ၁၇၀ပေထ ၃၀ပေထ ၁၂ပေ ရှိ ကျောင်းဆောင်အတွက် လိုအပ်သော ရန်ပုံငွေကို ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် ရှိ။မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ခွဲဝေဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမျိုးညွန့်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ဟုမ္မလင်းမြို့တွင် ချင်းတွင်း အထက်ပိုင်းဒေသ ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကောလိပ်တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ။မရှိ နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လောလောဆယ်အခြေအနေတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ ပညာရေးကောလိပ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၆) ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း သို့မဟုတ် လက်မှုပညာသင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ။မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဧက၏ ၁၄ ဧက၏ မြေပြင်အခြေအနေအပေါ်မူတည်၍ စာသင်ဆောင်၊ အလုပ်ရုံ၊ ကျောင်းသား အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများပါဝင်သည့် Master Plan တစ်ခုရေးဆွဲပြီး လိုအပ်မည့် မြေဧရိယာအကျယ်အဝန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဂ) အဆို(၁)ခုတင်သွင်းခြင်း
အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်းများ အား ၎င်းတို့မိသားစုများနှင့်အနီးစပ်ဆုံးရှိ ရာထူးတာဝန်နှင့်ကိုက်ညီသော စာသင်ကျောင်း များတွင် ဦးစားပေးတာဝန်ချထားပေးနိုင်ပါရန် အစီအစဉ်များရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က တင်သွင်းပြီး ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ကန့်ကွက်သူရှိသဖြင့် လွှတ်တော် တွင် လက်ခံဆွေးနွေးရန် သင့်။မသင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက် သူဦးရေများသည့်အတွက် လက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ပြင်ဆင် ချက်များအနက် (၇) ချက်ကို သဘောတူညီ ခဲ့ပြီး သဘောကွဲလွဲသည့် (၄)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် နိုင်ရန် အဆိုတင်သွင်းခဲ့ပြီး နည်းဥပဒေ ၁၉၅ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၂၅)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၁၅.၅.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။