(ခ)-လမ်းတံတား အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသည့် Myanmar National Building Code (MNBC)အား ဘာသာပြန်ပြီး အမြန်ဆုံးဖြန့်ဝေပေးရန်နှင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲသတ်မှတ်မှုနှင့်ကျင့်သုံးမှုရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

(က)-လမ်းတံတား အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသည့် Third Party စနစ် အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက် လိုအပ်သော Myanmar National Building Code (MNBC)အား ဘာသာပြန်ပြီး ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အမြန်ဆုံးဖြန့်ဝေပေးရန်နှင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲသတ်မှတ်မှုနှင့် ဆောင်ရွက်ကျင့်သုံးမှုရှိ/မရှိ သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

 

ပြည်သူ့လွှတ်တော်ကြီးမှ Third Party စနစ်ကို မှန်ကန်စွာ အမြန်ဆုံးကျင့်သုံးရန်အဆိုကို ယခင်နှစ် နိုဝင်ဘာလကပင် ကန့်ကွက်သူမရှိ အတည်ပြုပြီး ဖြစ်ပါကြောင်း၊ Third Party စနစ်ကျင့်သုံးရန် လိုအပ်သည့် MNBC ကို ၂၀၁၆ ခုနှစ်က ဘာသာပြန်သည်ဟု သိရသော်လည်း ပြီးစီးမှုရှိ/မရှိ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း/စည်းကမ်း ရေးဆွဲကျင့်သုံးမှု၊ အကောင်အထည်ဖော်မှုရှိ/မရှိတို့ကို နိုင်ငံတော်အကျိုးအတွက် အများပြည်သူသိရှိရန် လိုအပ်နေပါကြောင်း၊ ၎င်း စနစ်ကို အတည်ပြုပြီးချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အဆို၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် Third Party များ ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရှိရသော်လည်း စနစ်ကျမှုအားနည်း၍ ရည်ရွယ်ရာနှင့်လွဲနေခြင်း၊ အချို့သောလုပ်ငန်းများတွင် လာရောက်စစ်ဆေး နိုင်မှုမရှိဘဲ စစ်ဆေးခရာခိုင်နှုန်း တစ်ခုသတ်မှတ်၍ ငွေကြိုတင်ပေးသွင်းထားရခြင်းနှင့် သီးခြားလွတ်လပ်မှုရှိသော အဖွဲ့အစည်းမဟုတ်ဘဲ အကျိုးစီးပွားဆက်နွှယ်မှုများနှင့် ပတ်သက်ဖွယ် ဖြစ်နေခြင်း၊ တိကျခိုင်မာသော တာဝန်ယူမှု၊ တာဝန်ခံမှု၊ စာချုပ်စာတမ်းများနှင့် ငှားရမ်းခိုင်းစေမှု မပါရှိကြောင်းတို့ကို ကြားသိနေရပါကြောင်း၊ ၎င်းတို့သည် ကောင်းမွန်သည့်စနစ်၏ ရည်ရွယ်ချက်ကို မှေးမှိန်အားနည်းပြီး သေးသိမ်စေပါကြောင်း၊ နောက်ပြီး ဌာနဆိုင်ရာအဆောက်အဦများ တည်ဆောက်ရာတွင် တိကျသောအမျိုးအစား၊ အရည်အသွေးသတ်မှတ်ချက် ဥပမာ ကွန်ကရစ်ဆိုလျှင် လုပ်ငန်းအပေါ်မူတည်ပြီး မည်သည့်အမျိုးအစား၊ သံချောင်းဆိုလျှင် မည်ကဲ့သို့ခံနိုင်ရည်ရှိ/မရှိ စသဖြင့် တိကျစွာသတ်မှတ်ပေးရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့မဟုတ်လျှင် တင်ဒါအောင်မြင်သူက ဈေးနည်းပြီး ပျက်စီးလွယ်သည်ကို အသုံးပြုဆောက်လုပ်ကြမည် ဖြစ်ပါကြောင်း၊ MNBC ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES)၊ ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးအစီအစဉ် (UN-Habitat)၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပါဝင်သည့် Technical Working Group ကို ဖွဲ့စည်းရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး မူကြမ်း Provisional ၂၀၁၂ ကို ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့ပါကြောင်း၊ သို့သော်လည်း တချို့အပိုင်းခွဲလေးများ မပါရှိသဖြင့် ဆက်ပြုစုပြီး ၂၀၁၆ ခုနှစ်တွင် အပြီးသတ်ထုတ်ဝေရန် ရည်ရွယ်ကြောင်းသိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက်ကို ထုတ်ဝေခဲ့သော်လည်း ပြင်ပကို ကိုးကားရန် ထုတ်ဝေခြင်းမရှိသေးပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးများတွင် စံနှုန်းမမှန် ကန်ခြင်းကြောင့် ပြိုကျနိုင်ခြင်း၊ စံနှုန်းမှန်ပစ္စည်းအသုံးမပြု၍ ရေရှည်မခံခြင်း၊ စနစ်ကျသော အလင်းရောင်မရရှိမှု၊ အပူအအေးမမျှတမှုတို့ကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရခြင်း အကျိုးဆက် ကြောင့် မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း၊ စနစ်ကျသောမီးဘေးကာကွယ်ရေးစနစ်၊ ငြှိမ်းသတ်မှုစနစ်၊ ကယ်ဆယ်မှုစနစ်များမပါရှိ၍ အသက်အန္တရာယ်ပိုမိုများခြင်း၊ ရေ၊ မီး၊ မိလ္လာစနစ်တို့ စနစ်မကျ၍ ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားခြင်းတို့ ဖြစ်ပွားလျက်ရှိပါကြောင်း၊

ပြည်သူ့လွှတ်တော်ကြီးမှာ Third Party စနစ်အဆိုကို တင်သွင်းခဲ့ကြ၊ ဆွေးနွေးခဲ့ကြစဉ်က မည်သို့အကောင်အထည် ဖော်သင့်ကြောင်း အကြံပြုချက်များ ပြည့်စုံစွာ တင်သွင်းဆွေးနွေး ခဲ့ကြပါကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏ အလေးထားဆွေးနွေးနေခဲ့ကြသော လုပ်ငန်းစံချိန်စံညွှန်းနှင့် ပစ္စည်းအမျိုးအစားတိကျသော သတ်မှတ်ချက်များထားရှိရန်၊ တင်ဒါစနစ်နှင့် တင်ဒါစနစ်ကို မှန်ကန်စွာကျင့်သုံးပြီး လွတ်လပ်သောတာဝန်ခံမှုရှိသော အဖွဲ့အစည်းများ ငှားရမ်းစစ်ဆေးရန်တို့အတွက် ဥပဒေတချို့လည်း ပြဋ္ဌာန်းရန်လိုအပ်နေပါကြောင်း၊ သို့သော် ဥပဒေအသစ်တစ်ခု ပြဋ္ဌာန်းရေးဆွဲရန် လက်ရှိအခြေအနေအရ အချိန်ကာလက အနည်းဆုံးနှစ်နှစ်ခန့် ယူရမည်ဖြစ်သဖြင့် ပထမဦးဆုံးအတည်ပြုခဲ့သည့် တင်ဒါစနစ်တွင် လုပ်ငန်းလမ်းညွှန်နှင့် ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ Third Party စနစ်ကို အမြန်ဆုံးအကောင်အထည် ဖော်ရန်လည်း Third Party လမ်းညွှန်တစ်ခု မဖြစ်မနေသတ်မှတ်ထုတ်ပြန်ရန် လိုအပ်ပါကြောင်း၊ အဆောက်အဦများအတွက်ဆိုလျှင် အခြေခံကျသည့် MNBC ကို အချိန်ယူပြီး ဘာသာပြန်ဆိုနေသည်မှာ နှစ်နှစ် ပြည့်တော့မည်ဖြစ်သဖြင့် အမြန်ဆုံးဖြန့်ဝေပြီး လုပ်ငန်းတိုင်းကို ထိထိရောက်ရောက် အစအဆုံးစစ်ဆေးနိုင်သော၊ သီးခြားလွတ်လပ်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုပါရှိသော၊ လက်တွေ့ကျသော၊ စည်းမျဉ်း/စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲသတ်မှတ်ပြီးခြင်းရှိ/မရှိ၊ သို့မဟုတ် ရေးဆွဲပြီး၍ လိုက်နာကျင့်သုံးခြင်းမျိုးလည်းရှိ/မရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားသော ပြည်သူလူထုမှ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ပါရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။