(က)-ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သောမူဝါဒ၊ မဟာဗျူဟာ များချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
(က)-ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော် နှင့် နိုင်ငံသားများ ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သောမူဝါဒ၊ မဟာဗျူဟာ များချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်သောကြောင့် ကျေးလက်နေပြည်သူတို့၏ဘဝကို မြှင့်တင်နိုင်ရေးသည် အထူးအရေးကြီးသည့်အချက် ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးရေးသည် ကျေးလက်နေပြည်သူတို့၏ ဘဝကို မြှင့်တင်ရာမှာ အထူးအရေးပါလှပါကြောင်း၊ ကျေးလက်လမ်းများကို တိုးချဲ့ဖောက်လုပ် ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းသည် သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးများကို တိုးတက်ကောင်းမွန်စေရုံတင်မက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုပါ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊
ကျေးလက်လမ်းများအဆင့်မြှင့်တင်သည့်အခါ မည်သည့်လမ်းများကို မည်သည့်မူဖြင့် ဦးစားပေး ရွေးချယ်မည်ဆိုသည်မှာ အရေးပါသည့်အချက်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျေးလက်လမ်းများကို လမ်းဦးစီးဌာနအောက်က လမ်းနှင့်ဆက်သွယ်ထားမှု၊ လမ်းအကျယ်ပေါ်မူတည်ပြီး (A)၊ (B)၊ (C) ဟူ၍ အတန်းအစားသုံးမျိုးခွဲခြားထားပါကြောင်း၊ (A) အဆင့်ကို ၂၀၂၀၊ (B) အဆင့်ကို ၂၀၂၅၊ (C) အဆင့်ကို ၂၀၃၀ တွင် ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်ဟု သိရှိရပါကြောင်း၊ ကျေးလက်လမ်းများကို လေ့လာကြည့်ပါက လမ်းဦးစီးဌာနအောက်က လမ်းနှင့် ဆက်သွယ်ထားတိုင်း အသုံးများခြင်း၊ အရေးပါခြင်းမဟုတ်သကဲ့သို့ လမ်းများကျယ်တိုင်းလည်း အရေးကြီးသည့်လမ်းမဟုတ်သည်ကိုတွေ့ရမည် ဖြစ်ပါကြောင်း၊ လမ်းဦးစီးဌာနကလမ်းနှင့် မဆက် သွယ်သော်လည်း အရေးပါသောလမ်းများစွာရှိသကဲ့သို့ လက်ရှိအနေဖြင့် လမ်းများအလွန်မကျယ် သော်လည်း အသုံးများလာသည့်လမ်းများစွာရှိသည့်အတွက် လမ်း၏အရေးပါမှု၊ အသုံးများမှုများကို သာ အဓိကထားပြီး အတန်းအစားခွဲခြားသင့်သည့်အပြင် လမ်း၏လတ်တလောအသုံးပြုနိုင်သော အနေအထားနှင့် အရေးပေါ်လိုအပ်မှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ လတ်တလော သွားလာရန်အဆင်ပြေပြီးသား ကျေးလက်လမ်းများကို ကတ္တရာလမ်းမြှင့်နေခြင်းထက် လုံးဝသွား မဖြစ်သည့် လမ်းများကို သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးသည်က ပိုမိုအကျိုးများ နိုင်သကဲ့သို့ ဖွံ့ဖြိုးမှုမှာလည်း ပိုမိုညီမျှစေမည်ဖြစ်ပါကြောင်း၊
အရေးကြီးသည့်နောက်အချက်က လက်ရှိရည်မှန်းထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရန် အတွက် လိုအပ်သောဘဏ္ဍာငွေကို မည်ကဲ့သို့ဖြည့်ဆည်းပေးမည်နည်း၊ လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မည်နည်းဟူသည့်အချက် ဖြစ်ပါကြောင်း၊ Plan to Budget ဟုဆိုသော်လည်း Plan များသည် လက်တွေ့ကျသည့် အမှန်ဆောင်ရွက်နိုင်သော Plan မျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ လက်ရှိ ဘဏ္ဍာငွေခွဲဝေရရှိမှုများအရလည်း ရည်မှန်းထားသည့်အတိုင်း ၂၀၂၀ တွင် (A) အဆင့်လမ်း အားလုံးကို ကတ္တရာလမ်းဖြစ်ရန် မလွယ်တော့ဟု ထင်မြင်ပါကြောင်း၊ ထို့ကြောင့် မဖြစ်မနေ ကတ္တရာခင်းရန်၊ ကွန်ကရစ်လမ်းအဆင့်မြှင့်ရန် လိုအပ်သောလမ်းလောက်ကိုသာ ကွန်ကရစ်ခင်းပြီး အခြားလမ်းများကို ရရှိနိုင်မည့်ဘဏ္ဍာငွေ လတ်တလောလိုအပ်မှု၊ လမ်း၏မြေအနေအထား စသည်တို့နှင့် ချင့်ချိန်ပြီး ကျောက်ချောလမ်း၊ ဂျင်းလမ်း၊ ဂဝံလမ်း၊ မြေသားလမ်း စသည်တို့အဖြစ် ဖောက်လုပ်သည်က လက်တွေ့ပိုကျသကဲ့သို့ ပိုမိုအကျိုးများစေနိုင်ပါကြောင်း၊
ကျေးလက်လမ်းများ၏ လမ်းအကျယ်သတ်မှတ်ရေး၊ ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးတို့အတွက် ခိုင်မာ သည့်မူတစ်ခုဖြစ်လာရန် ကျေးလက်လမ်းဆိုင်ရာဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲရန် လိုအပ်နေပါ ကြောင်း၊ ထို့အပြင် လမ်းဖောက်ရာတွင် လိုအပ်သောလမ်းများရရှိရေးနှင့် ပတ်သက်၍ မြေပိုင်ရှင်က မပေးအပ်ပါကမဖောက်လုပ်သည့် လက်ရှိကျင့်သုံးနေသည့်မူသည် ရေရှည်တွင်အဆင်မပြေနိုင် သကဲ့သို့ လူတစ်ယောက်စ၊ နှစ်ယောက်စက သဘောမတူသည်နှင့် လူအများအကျိုးနစ်နာမည့် သဘောဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး လက်တွေ့ကျကာ မျှတမှုရှိသော၊ တိကျပြတ်သားသည့်မူဝါဒ လိုအပ်နေပြီဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ချက်အနေဖြင့် သိရှိလိုသည်မှာ ကျေးလက်လမ်းဆိုင်ရာမူဝါဒချမှတ်သည့်အခါ ဖောက်လုပ်ပြီးလမ်းများ ထိန်းသိမ်းပြုပြင်ရေးကို မည်ကဲ့သို့ထည့်သွင်းစဉ်းစားထားသနည်းဟူသည့်အချက် ဖြစ်ပါကြောင်း၊ ယခု Mini Budget မတိုင်မီအထိ ဖောက်လုပ်ပြီးကျေးလက်လမ်းများ ထိန်းသိမ်းပြုပြင်ရေးအတွက် ဘဏ္ဍာငွေချထားပေးမှု မရှိသလောက်ဖြစ်နေသည်ကို တွေ့ရှိရပြီး ပြုပြင်ရန်လိုအပ်လာပါက အချိန်မီမပြုပြင်နိုင်ဖြစ်ကာ လမ်းများမပျက်စီးသင့်ဘဲ များစွာပျက်စီးရပါကြောင်း၊ ထို့ကြောင့် ဖောက်လုပ်ပြီးလမ်းများ ပြုပြင်ရေးကို ကျေးလက်လမ်းဆိုင်ရာမူဝါဒချမှတ်ရာတွင် အထူးအလေးပေးထည့်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ လူမှုဘဝများမြှင့်တင်ရေး တို့အတွက် နိုင်ငံတော်ဘဏ္ဍာငွေကို ထိထိရောက်ရောက်သုံးစွဲပြီး နိုင်ငံတော်နှင့် နိုင်ငံသားများကို အကျိုးအများဆုံးပြုစေမည့်၊ ရေရှည်တွင်ရရှိမည့်အကျိုးကိုရည်ရွယ်ရုံမျှသာမက ရေတိုအတွင်းတွင်ပါ အကျိုးများစွာရရှိစေမည့် ကျေးလက်လမ်းဆိုင်ရာမူဝါဒတစ်ရပ် လိုအပ်နေပြီဖြစ်သည့်အတွက် ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော် နှင့် နိုင်ငံသားများ ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သောမူဝါဒ၊ မဟာဗျူဟာ များချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။