(စ)-ထီးလင်းမြို့နယ်အတွင်းရှိ ကျင်း-တပျင်းလမ်း(၁၂)မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ကျင်း-တပြင်းလမ်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှစ၍ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်အထိ ပြီးစီးအောင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျင်း-တပြင်း လမ်းသည် ထီးလင်း-ပေါက်-ပခုက္ကူလမ်းမကြီးနှင့် မင်းတပ်-ပေါက်-ပခုက္ကူလမ်းမကြီးကို ဆက်သွယ်ထားသည့်လမ်း ဖြစ်သည့်အပြင် ကျေးလက်လမ်းဦးစီးဌာနမှ ဖောက်လုပ်သည့် ကျင်း-အထက်ကျော်-ဆွဲလဲလမ်း နှင့်လည်း ဆက်စပ်နေသည့် လမ်းဖြစ်သည့်အတွက်ကြောင့် ဆော-ထီးလင်း-ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်နေသော လမ်းလည်းဖြစ်ပါကြောင်း၊ ပုံတောင်-ပုံညာတောင်ကြားတွင် ရှိသည့်အတွက် ၎င်း ဒေသအတွက် အလွန်အရေးပါသော လမ်းဖြစ်ပါကြောင်း၊ ၎င်းတောင်ကြားတွင် ဒေသခံကျေးရွာအုပ်စု ၉ အုပ်စု ၊ အိမ်ခြေပေါင်း ၁၀၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ခန့်ရှိပြီး  အထက်တန်းကျောင်းနှင်‌့ ပြည်သူ့ဆေးရုံ ရှိသည့် ကျင်းကျေးရွာကိုသာ အဓိကမှီခိုနေရသည့်အတွက် မရှိမဖြစ် လိုအပ်သည့်လမ်းလည်း ဖြစ်ပါ ကြောင်း၊ ထို့အပြင် မြောက်ဘက်ရှိ ဆွဲလဲ၊ ယုန်ဆင်း၊ မင်းလယ်၊ ဆိုပြား အစရှိသည့် ကျေးရွာများကလည်း ၎င်းလမ်းကို မှီခိုအားထားနေကြရသည့်အတွက်  ကတ္တရာလမ်းအဖြစ် အဆင့်‌မြှင့်တင်ပေး မည်ဆိုပါက ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအတွက်ပါသာမက ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ပခုက္ကူမြို့နယ်များသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ဒေသထွက်ကုန်များ လွယ်ကူစွာတင်ပို့ရောင်းချနိုင်ပါက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် ထီးလင်းမြို့နယ်အတွင်းရှိ ကျင်း-တပြင်းလမ်း ၁၂ မိုင်ကို ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက် ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင်‌့ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။