(က)-ဗန်းမောက်-ဇလုံတောင်လမ်းပေါ်ရှိ တောင်တက်လမ်းပိုင်းတွင် ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံနိုင်ခြင်း မရှိသည့်အတွက် ဇလုံတောင်အနီးတွင် ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ဗန်းမောက်မြို့နယ်သည် လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်လျက်ရှိပြီး တိုင်းရင်းသား ရှမ်းနီလူမျိုး၊ ကတူးလူမျိုး၊ ကဏန်းလူမျိုးများ နေထိုင်ရာဒေသ ဖြစ်ပါကြောင်း၊ မြို့နယ်အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၁၉.၇၇၉ ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် မိုဘိုင်းဆက်သွယ်ရေးစနစ်လည်း ခက်ခဲသော မြို့နယ်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုကြောင့် ယခင် CDMA အထိုင်ဖုန်းများအသုံးပြုနေရာမှ ယခုအခါ MPT ဆက်သွယ်ရေးစခန်း ၁၂ ခု၊ တယ်လီနောဆက်သွယ်ရေးစခန်းနှစ်ခု၊ အော်ရီဒူးဆက်သွယ်ရေးစခန်းသုံးခု တည်ဆောက်ပြီး ဝန်ဆောင်မှုများ ဆထက်တိုးပြီး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြို့နယ်အတွင်း အချို့နေရာများတွင် မိုဘိုင်းဆက်သွယ်ရေးစနစ် မလွှမ်းခြုံနိုင်သည့် နေရာ(၅)နေရာ ကျန်ရှိနေပါကြောင်း၊ ဗန်းမောက်မြို့နယ်၏ အထင်ကရ ဇလုံတောင်ဘုရား တောင်တက်လမ်းပိုင်း ကျန်ရှိနေပြီး ဇလုံတောင် တောင်တက်စခန်းအစမှစ၍ တောင်ထိပ်နေရာထိ မိပါကြောင်း၊ တောင်တက်လမ်းတစ်လျှောက် ၉ မိုင်ခန့်သည် ဖုန်းလိုင်းများမမိပါသဖြင့် တောင်တက်ယာဉ်လိုင်းများ စီမံခန့်ခွဲရာတွင်လည်းကောင်း၊ အခက်အခဲရှိပါက အကူအညီတောင်းခံ နိုင်ရန်အတွက် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ရန် အမြန်လိုအပ်လျက်ရှိပါကြောင်း၊ ဇလုံတောင် ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမျှော်ကြသဖြင့် ဇလုံတောင်ဘုရားသည် ဆုတောင်းပြည့်ဘုရားအဖြစ် နာမည်ကြီးခြင်း၊ အဓိဋ္ဌာန်အောင်မြင်ခြင်း၊ သဘာဝစိမ်းလန်းစိုပြည်သော သစ်တောကြီးများ အတွင်းတည်ရှိခြင်း၊ လှပသောအလှများကို ခံစားနိုင်ခြင်း အလွန်ထူးခြားစွာ တည်ရှိပြီးမှ သမိုင်းဝင် စေတီတော်မြတ်ဖြစ်ခြင်းတို့ကြောင့် တစ်စတစ်စလူသိများပြီး နှစ်စဉ်ခရီးသွားများ အဆမတန် များပြားသည့်အတွက် ဆက်သွယ်ရေးမလွှမ်းခြုံနိုင်ခြင်းစသည့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဇလုံတောင်တက်လမ်း၏ အခက်အခဲများစွာရှိသည့်အနက် ဆက်သွယ်ရေးကွန်ရက် အကြောင်းကို ခရီးသွားလုပ်သားပြည်သူများကိုယ်စား ဗန်းမောက်မြို့နယ်အတွင်း ဇလုံတောင် တောင်တက်လမ်းပေါ်ရှိ တောင်တက်လမ်းပိုင်း ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ခြင်းမရှိသည့်အတွက် ဇလုံတောင်အနီး ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။