(ဂ)-မင်းဘူး(စကု)မြို့နယ်တွင် လတ်တလောပြိုကျသော ဧရာဝတီမြစ်ကမ်းပါးများ ဆက်လက်မပြိုကျ နိုင်စေရေးအတွက် စက်ယန္တရားကြီးများဖြင်‌့ မြစ်ကြောင်းပြုပြင်ခြင်းများကို မည်သည်‌့အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-21

မကွေးတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ဧရာဝတီမြစ်၏ မြစ်ကမ်းပါးပြိုနေမှုကြောင့် မြစ်ကမ်းဘေးများတွင် မှီခိုနေထိုင်ကြသည့် ကျေးရွာများမှ ဒေသခံပြည်သူများ၏ နေထိုင်ရေး၊ စိုက်ပျိုးရေးများအတွက် အခက်အခဲများကြုံတွေ့နေကြရပါကြောင်း၊ အထူးသဖြင်‌့ မင်းဘူး(စကု) မြို့နယ်ရှိ သနပ်ပင်စုကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ မန်းကြိုးကျေးရွာအုပ်စုနှင့် ရွာပုလဲကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် နေအိမ်များရွှေ့ပြောင်းနေရခြင်း၊ စိုက်ပျိုးမြေများဆုံးရှုံးရခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊

မင်းဘူး(စကု)မြို့နယ်၏ သနပ်ပင်စုကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုနေသည့် နိဗ္ဗာန်ကျွန်းကျေးရွာအနီး မြစ်ကမ်းပါးပြိုနေခြင်း ဖြစ်ပါကြောင်း၊ မြစ်ကမ်းပါးမှာ နှစ်ပေါင်းများစွာ ကတည်းကတိုင် စိုက်ပျိုးလာခဲ့သည့်စိုက်ခင်း ငရုတ်ခင်း၊ နေကြာခင်း၊ ကုလားပဲခင်းများရှိပါကြောင်း၊ မန်းကြိုးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာဟောင်းက မြစ်အလယ်ခေါင်နေရာထိ ကမ်းပါးပြိုလျက်ရှိပါကြောင်း၊  ထုံးကြီးကျေးရွာဆိုလျှင် တစ်ရွာလုံးမြစ်ကမ်းပါးနှင့် ဝေးသည့်နေရာကို ရွှေ့ရပါကြောင်း၊ ထို့ကြောင့် ဧရာဝတီဖြစ်ကမ်းနံဘေး မှီခိုနေထိုင်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘဝလုံခြုံမှုရှိစေရေးတို့အတွက် လတ်တလောပြိုကျနေသော ဧရာဝတီမြစ်ကမ်းများ ဆက်လက်မပြိုကျစေနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စက်ယန္တရားကြီးများဖြင်‌့ မြစ်ကြောင်းပြုပြင်ခြင်း လုပ်ငန်းများကို  အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပါသဖြင့် မည်သည်‌့အချိန်တွင် စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။